မြန်မာ့စာတိုက်လုပ်ငန်း
နောက်ခံသမိုင်း
စာတိုက်လုပ်ငန်းကို သမိုင်းများအရ၊ စစ်တွေစာတိုက်ကို ၁၈၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ၏ စာတိုက်လုပ်ငန်းကို စတင်ခဲ့သည်ဟု သိရှိခဲ့ရပါသည်။
စစ်မဖြစ်မီကာလမှစစ်ပြီးကာလအထိ
မြန်မာမင်းများလက်ထက်တွင် မြင်းလျင်တော်၊ ခြေလျင်တော်၊ လှေလျင်တော်တို့သည် ဘုရင့်စာချွန်တော်များကို လက်ဆင့်ကမ်းစနစ်ဖြင့်လည်းကောင်း၊ တောက်လျှောက်သယ်ယူ၍လည်းကောင်း ပို့ဆောင်ရသည်ဟု သိရှိရပါသည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်များ စတင်ဝင်ရောက်ပြီးနောက် မှတ်တမ်းများအရ ၁၈၂၇ ခုနှစ်တွင် စစ်တွေစာတိုက်ကို လည်းကောင်း၊ ၁၈၅၂ ခုနှစ်တွင် ပဲခူးစာတိုက်ကိုလည်းကောင်း၊ ၁၈၅၄ ခုနှစ်တွင် ရန်ကုန်စာတိုက်ကြီးကိုလည်းကောင်း ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်များ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်းယူပြီးနောက် စာတိုက်နှင့်ကြေးနန်းလုပ်ငန်းနှစ်ခုကို ပူးတွဲ၍ အုပ်ချုပ်ခဲ့ပါသည်။ ၁၈၈၅ ခုနှစ် မှ ၁၉၃၇ ခုနှစ်၊ မတ်လ ၃၁ရက်နေ့အထိ မြန်မာနိုင်ငံစာတိုက်နှင့်ကြေးနန်းဌာနကို အိန္ဒိယစာတိုက်နှင့် ကြေးနန်းလက်အောက်တွင် ထားရှိခဲ့ပါသည်။
မြန်မာနိုင်ငံသည် ၁၉၃၇ ခုနှစ်တွင် အိန္ဒိယနှင့် ခွဲထွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ သီးခြားစာတိုက်နှင့်ကြေးနန်း ညွှန်ကြားရေးဝန်ချုပ်ရုံးကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ်မှစ၍ စာတိုက်နှင့်ကြေးနန်းကိုခွဲ၍ စာတိုက်ဌာနနှင့်ကြေးနန်းဌာနဟူ၍ ဌာန(၂)ခု အဖြစ် သီးခြားဖွဲ့စည်းခဲ့ပါသည်။
စစ်ပြီးကာလမှ ၁၉၆၂ ခုနှစ် မတ်လအထိ
မြန်မာပြည်စစ်ပြေးအစိုးရသည် ဆင်းမလားစီမံကိန်းရေးဆွဲစဉ်ကပင် စာတိုက်နှင့်ကြေးနန်းဌာနကို ခွဲခြားပြီး ဌာနကြီးမှူးတစ်ဦးစီ၏ လက်အောက်တွင်ထားရှိရန် စီစဉ်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ ဌာနကြီးမှူး(၂)ဦးသည် အရည်အချင်းပြည့် မြန်မာဌာနအကြီးအကဲများ ဖြစ်ရမည်ဟု သတ်မှတ်ထားရှိကြောင်း သိရပါသည်။ ထိုသို့ စီစဉ်ထားရှိသည့်အတိုင်း ၁၉၄၅ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှစ၍ စာတိုက်ဌာနကို စာတိုက်လုပ်ငန်းများ အုပ်ချုပ်ရေးအရာရှိလက်အောက်တွင်လည်းကောင်း၊ ကြေးနန်းဌာနကို ဆက်သွယ်ရေးညွှန်ကြားရေးမှူးလက်အောက်တွင်လည်းကောင်း ထားရှိခဲ့ပါသည်။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှစ၍ စာတိုက်မင်းကြီးရာထူးကို စာတိုက်ဌာနတွင်လည်းကောင်း၊ အင်ဂျင်နီယာချုပ်ကို ကြေးနန်းဌာနတွင်လည်းကောင်း တီထွင်ထားရှိခဲ့ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၄-၁-၁၉၄၈ ရက်နေ့မှစ၍ စာတိုက်မင်းကြီးကို စာတိုက်ညွှန်ကြားရေးဝန်၊ အင်ဂျင်နီယာချုပ်ကို ကြေးနန်းညွှန်ကြားရေးဝန်အဖြစ် ပြောင်းလဲခေါ်တွင်ခဲ့ပါသည်။ ၄-၁၀-၁၉၄၉ ရက်နေ့တွင် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ UPU (Universal Postal Union) အဖွဲ့ဝင် ဖြစ်ခဲ့ပါသည်။ ၅-၅-၁၉၅၆ နေ့တွင် နိုင်ငံခြားစာပို့တိုက်ဌာနကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၉၅၉ ခုနှစ်မှစ၍ ကျေးရွာအရောက် စာပို့ဆက်သွယ်ရေး၊ စာဆက်သွယ်ရေး မှန်မှန်နှင့် မြန်မြန်ရောက်ရှိရေး၊ တိုးတက်ဖွံ့ဖြိုးရေးစသည့် စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခဲ့ကြောင်း သိရပါသည်။ လွတ်လပ်ရေးရပြီးနောက် (၂၀-၁-၁၉၆၀) ရက်နေ့တွင် စာတိုက်နှင့် ကြေးနန်းဌာနကို ပြန်လည်ပေါင်းပြီး စာတိုက်နှင့်ကြေးနန်း ဌာနဟူ၍ ခေါ်ဝေါ်ဖွဲ့စည်း၍ ညွှန်ကြားရေးမှူးချုပ်၏ လက်အောက်တွင်ထားရှိ အုပ်ချုပ်စေခဲ့ပါသည်။ တော်လှန်ရေးကောင်စီလက်ထက်တွင် စာတိုက်နှင့်ကြေးနန်းဌာနကို စီးပွားရေးဆန်ဆန်ဆောင်ရွက်စေရန် အတွက် ဆက်သွယ်ရေးကော်ပိုရေးရှင်းအဖြစ် (၁၅-၃-၁၉၇၂)ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ စစ်မဖြစ်မီက မြန်မာပြည်အနှံအပြားတွင် စာတိုက်ကြီး/ ငယ် ပေါင်း(၆၂၅) ခုရှိခဲ့ရာ၊ ၁၉၅၉-၁၉၆၀ ခုနှစ်တွင် စာတိုက်ကြီး/ ငယ်ပေါင်း (၆၀၁) ခု ထိရှိခဲ့ကြောင်း သိရပါသည်။
၁၉၆၂ ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ
၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ဆက်သွယ်ရေးလုပ်ငန်းများကို စီးပွားရေးဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ရန်ညွှန်ကြားခဲ့ရာ စာတိုက်လုပ်ငန်းကိုလည်း ၄င်းအချိန်မှစ၍ စီးပွားရေးဆန်ဆန်ဆောင်ရွက်ခဲ့ပါသည်။ စာတိုက်စုစုပေါင်း အရေအတွက်မှာ ၁၉၆၂ ခုနှစ်၊ မတ်လတွင် (၆၈၆) ရုံး ရှိခဲ့ရာမှ ၁၉၇၅ ခုနှစ်၊ မတ်လတွင် (၁,၀၉၄) ရုံးသို့ လည်းကောင်း၊ ၁၉၈၇ ခုနှစ်၊ မတ်လတွင်(၁,၁၁၃)ရုံး သို့လည်းကောင်း တိုးတက်ခဲ့ပါသည်။ ၁၉၈၂ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစ၍ ဆက်သွယ်ရေးကော်ပိုရေးရှင်းဖွဲ့စည်းပုံကို အရာထမ်း (၃၈၇) ဦး နှင့် အမှုထမ်း(၁၃,၄၃၇)ဦး၊ စုစုပေါင်း (၁၃,၈၂၄) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများကို ပိုမိုထိရောက်စွာလုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် (၁-၄-၁၉၈၉) ရက်နေ့တွင် ဆက်သွယ်ရေးကော်ပိုရေးရှင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအဖြစ် တစ်ဖန်ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၃) ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်-
ဦးစီးဌာနနှင့် စီးပွားရေးအဖွဲ့အစည်းများ
(၁) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
(၂) ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
(၃) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် ထုတ်ပြန်သောအမိန့်ကြော်ငြာစာအမှတ်၊ ၈၃ /၂၀၁၂ ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနကို ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနဟူ၍ အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
၁၉၈၈-၈၉ ခုနှစ်တွင် စာတိုက်စုစုပေါင်းအရေအတွက်မှာ (၁,၁၁၅) ရုံးရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်၊ ဇွန်(၃၀) ရက်နေ့ တွင် လုပ်ငန်းပြည့် (၇၈၂) ရုံး၊ စာတိုက်ခွဲ (၂၀၈) ရုံး၊ ကျေးရွာကိုယ်စားလှယ် (၃၉၁) ရုံး၊ စုစုပေါင်း (၁,၃၈၁)ရုံး ရှိခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် လုပ်ငန်းပြည့်(၃၃၅)ရုံး၊ လုပ်ငန်းမပြည့်(၄၄၉)ရုံး၊ ကိုယ်စားလှယ်(၃၁)ရုံး၊ စာတိုက် စုစုပေါင်း (၈၁၅)ရုံး ရှိပါသည်။
အမြန်ငွေပို့လွှာလုပ်ငန်းကို ၁၉၈၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ယနေ့အထိ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် မြို့ပေါင်း (၇၈၄) မြို့သို့ ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။
ပြည်တွင်းအမြန်ချောပို့လုပ်ငန်းကို ၁၉၉၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ယနေ့အထိ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့ပေါင်း (၃၉၈) မြို့ သို့ ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာအမြန်စာပို့လုပ်ငန်း (EMS International) ကို ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှစ၍ စင်္ကာပူနိုင်ငံနှင့် စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ နိုင်ငံပေါင်း (၄၅) နိုင်ငံအထိ တိုးချဲ့၍ အပြန်အလှန်ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။
MYANMAR DHL LIMITED (အပြည်ပြည်ဆိုင်ရာအမြန်ချောပို့လုပ်ငန်း) ကို ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှစ၍ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံပေါင်း(၂၃၃) နိုင်ငံသို့ ပြည်ပအမြန်ချောပို့လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ဝန်ကြီး၏လမ်းညွှန်ချက်အရ DEMS (Domestic Express Mail Service) ပြည်တွင်းအမြန်ချော ခြေရာခံထောက်လှမ်း စနစ် Track & Trace System အား ပြည်တွင်းအမြန်ချောပို့လုပ်ငန်း ဆောင်ရွက်လျက်ရှိသော မြို့များနှင့် (၁.၄.၂၀၀၉) ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့ပါသည်။
၁ -၄ -၂၀၁၀ ရက်နေ့မှစ၍ Postal Data Information System Project ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိစာတိုက်တစ်ခုချင်းစီ၏ အချက်အလက်များနှင့် နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို Online မှတစ်ဆင့် နေ့စဉ်ချိတ်ဆက် တင်သွင်းဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီး/ပြည်နယ် မန်နေဂျာများနှင့် ရုံးချုပ်တာဝန်ရှိသူများမှ သုံးသပ် ကြီးကြပ်ကွပ်ကဲနိုင်ခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/ ၂၀၁၅) အရ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ၀န်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၅ ဖြင့် မြန်မာ့စာတိုက်လုပ်ငန်းဖွဲ့စည်းပုံအသစ်အား ၁-၄-၂၀၁၅ ရက်နေ့မှစ၍ အတည်ပြုဖွဲ့စည်းခွင့် ရရှိခဲ့ပါသည်။
၁.၁.၂၀၁၇ ရက်နေ့မှစတင်၍ DEMS အား Real time tracking ရရှိစေရေးအတွက် လုပ်ငန်းများပိုမို စိတ်ချယုံကြည်စွာ ဝန်ဆောင်မှုပေးနိုင်ရေး Delivery Monitoring System (DMS) အား နည်းပညာကုမ္ပဏီနှင့်ပူးပေါင်းကာ ပြောင်းလဲဆောင်ရွက်ခဲ့ပါသည်။ DMS တွင် စာတိုက်တစ်ရုံးချင်းအလိုက်၏ ချောလက်ခံထားရှိမှု၊ ဝင်ငွေ ရှာဖွေနိုင်မှု၊ စာပို့လုလင်များ၏ ရောက်ရှိနေရာများနှင့် ချောပေးဝေနိုင်မှု၊ ချောအိတ်များပေးပို့ ရောက်ရှိမှု၊ စာတိုက်ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းဆောင်ရွက်နေမှု၊ နေ့စဉ်ငွေစာရင်းရေးသွင်းမှုစသည့် အချက်အလက်များဖြင့် လုပ်ငန်းတစ်ခုလုံးအား ကြီးကြပ်ကွပ်ကဲနိုင်ရန် ရေးဆွဲအသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတကာစာတိုက်လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေရသော International Air Transport Association, World Customs Organization တို့နှင့်ချိတ်ဆက်၍လည်း ယင်းအဖွဲ့အစည်းများနှင့် လိုက်လျောညီထွေသော လိုအပ်သည့် သတင်းအချက်အလက် များကို ဝေမျှနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီး Electronic Advance Data (EAD) ပေးပို့၍လည်းကောင်း၊ Customs Declaration System (CDS) ဖြင့် အကောက်ခွန် ရှင်းလင်းခြင်းလုပ်ငန်းများအား ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်ရန်လည်းကောင်း စနစ်များထားရှိပြီး မြန်မာ့စာတိုက်လုပ်ငန်းမှလည်း လိုက်ပါဆောင်ရွက်လျက်ရှိပါသည်။
Website လိပ်စာ
မူဝါဒ
မြန်မာ့စာတိုက်လုပ်ငန်းကို ၁-၄-၂၀၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အောက်ပါမူဝါဒများ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-
၁။ နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများမှ စာတိုက်ဝန်ဆောင်မှုကို သက်သာသော နှုန်းထားဖြင့် သုံးစွဲနိုင်ရေး ဆောင်ရွက်ရန်၊
၂။ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ IT နည်းပညာအသုံးပြု၍ ပြည်သူလူထုယုံကြည်မှုရှိပြီး အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ရန်၊
ရည်မှန်းချက်
မြန်မာ့စာတိုက်လုပ်ငန်း၏ ချောစာနှင့်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို “လူတိုင်းအတွက်မြန်မာ့စာတိုက် (Myanmar Post for Everyone)” ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
လုပ်ငန်းတာဝန်များ
၁။ ပြည်သူလူထုအတွက် သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဝန်ဆောင်မှုကောင်းများ ဆောင်ရွက်ရန်၊ (Affordable Prices)
၂။ နေရာဒေသမရွေး အလွယ်တကူသုံးစွဲနိုင်သော စာတိုက်ဝန်ဆောင်မှုများကို နိုင်ငံတစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ (At all Points in the Territory)
၃။ အရည်အသွေးကိုအခြေပြုသော စာတိုက်ဝန်ဆောင်မှုများဖြစ်ရန် ခေတ်မီသည့် IT နည်း စနစ်များအသုံးပြုပြီး ပြည်သူများသို့ ဝန်ဆောင်မှုပေးရန်၊ (Quality – Based Postal Services)
ဖွဲ့စည်းပုံ

ဆက်သွယ်ရန်လိပ်စာ
ဦးစီးဌာနအမည်: မြန်မာ့စာတိုက်လုပ်ငန်း
ဌာနခွဲအမည်: နည်းပညာနှင့်သုံးစွဲသူဝန်ဆောင်မှုဌာန
| အမည် | ဒေါ်ဆုန္ဒာအောင် | ဦးမင်းထက်အောင် |
|---|---|---|
| ရာထူး | လက်ထောက်အထွေထွေမန်နေဂျာ | မန်နေဂျာ |
| ဖုန်း | ၀၉-၄၅၀၀၀၀၀၉၃ | ၀၉-၅၂၄၀၀၀၁ |
| Office Email | mp.irelation@gmail.com |
postalit677@gmail.com |
| လိပ်စာ | နေပြည်တော်ဗဟိုစာတိုက်ကြီး | |
