ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဦးစီးဌာန/လုပ်ငန်းများ

အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

နောက်ခံသမိုင်း

ယနေ့အခါ စက်ပစ္စည်းများသည် လူသားများကဲ့သို့ သင်ယူနားလည်နိုင်စွမ်းရှိနေပြီဖြစ်ရာ အဆက်မပြတ်သင်ယူနိုင်စွမ်းရှိသော စက်ပစ္စည်းများသည် အနာဂတ်တွင် လူသားများထက် သာလွန်သည့် အသိဉာဏ်ကို ရရှိသွားနိုင်တော့မည် ဖြစ်ပါသည်။ AI နည်းပညာသည် လူသားများ၏အသိဉာဏ်ကို တုပနိုင်သည့်အပြင် လူသားတို့၏ အသိဉာဏ်ထက် အဆပေါင်းများစွာ အသိဉာဏ်ရှိသည့် အခြေအနေသို့ ရောက်ရှိလာမည်ဆိုပါက AI နည်းပညာကို ပိုင်ဆိုင်ထားသူသည် နတ်ဘုရားတစ်ပါးကဲ့သို့ လွန်စွာအစွမ်းထက်သူဖြစ်လာတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် AI နည်းပညာသည် နည်းပညာများအားလုံးကို လွှမ်းမိုးနိုင်သော နည်းပညာအားလုံး၏ ဘုရင်တစ်ဆူသဖွယ်ဖြစ်ရာ AI နည်းပညာကို ပိုင်ဆိုင်နိုင်ရန်မှာ နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်တမျှ အရေးပါလှသည့် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။ အနာဂတ်တွင် AI နည်းပညာကို ဦးဆောင်နိုင်သူသည်သာ ကမ္ဘာကို အုပ်စိုးလွှမ်းမိုးနိုင်မည့်သူဖြစ်ရာ ကမ္ဘာတစ်ဝှမ်းလုံးရှိ အစိုးရတိုင်းက AI နည်းပညာကို နိုင်ငံတော်အဆင့်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အပူတပြင်းအကောင်အထည်ဖော်ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။

ယနေ့ခေတ်တွင် AI နည်းပညာ၏ စွမ်းပကားသည် အရှိန်အဟုန်ဖြင့် တိုးတက်လာသည့်အလျောက် AI နည်းပညာ၏ ခြိမ်းခြောက်မှုများသည်လည်း ကြီးမားလာပြီဖြစ်ပါသည်။ AI နည်းပညာ၏ ခြိမ်းခြောက်မှုများကို AI နည်းပညာဖြင့်သာ တုံ့ပြန်ကာကွယ်သွားနိုင်မည်ဖြစ်ရာ AI နည်းပညာကို ကိုယ်ပိုင်တည်ဆောက်ရေးသည် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး၏ အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ပါသည်။ ထိုသို့ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပတ်တကုပ်ကြိုးပမ်းတည်ဆောက်ရာတွင် အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရည်မှန်းချက်၊ မူဝါဒ၊ တာဝန်နှင့် စွမ်းဆောင်နိုင်မှုတို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

မြန်မာဘာသာစကားနှင့်စာပေကို AI နည်းပညာအကူအညီဖြင့် ဒီဂျစ်တယ်အသွင်ပြောင်းလဲရန်နှင့် ကွန်ပျူတာဘာသာစကားလုပ်ငန်းစဉ် (Natural Language Processing -NLP) ကို အခြေပြုပြီး မြန်မာဘာသာစကားကို အခြားဘာသာစကားများနှင့်အတူ ဆိုက်ဘာနယ် (Cyberspace) ၌ ရင်ပေါင်တန်းနိုင်စေရန် ရည်ရွယ်ပြီး မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ၁-၁၁-၂၀၂၃ ရက်စွဲပါစာအမှတ်၊ ၇၁၆ (၁၂၈၃) / ၁၄ / ကောင်စီရုံးဖြင့် ခွင့်ပြုခဲ့ပါသည်။

အေအိုင်နည်းပညာဖြင့် မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၈ ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၃ ဦး၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ၄ ဦး၊ ပညာရေးဝန်ကြီးဌာနမှ ၇ ဦးနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ၁၂ ဦး ဝန်ကြီးဌာန ၅ ခုမှ စုစုပေါင်း အဖွဲ့ဝင် ၅၈ ဦးဖြင့် ပထမအဆင့်အဖြစ် အောက်ပါလုပ်ငန်းခွဲ ၃ ခုကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်-
(၁) အလိုအလျောက်စကားပြောသိရှိမှုစနစ် (Automatic Speech Recognition – ASR) ၊
(၂) စာသားမှ အသံပြောင်းလဲပေးသောစနစ် (Text-to-Speech - TTS) ၊
(၃) စက်ဘာသာပြန် (Machine Translation – MT) ။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ AI နည်းပညာကို CCTV ကွန်ရက်တွင် အသုံးချနိုင်ရေး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ၌ နေပြည်တော်ကောင်စီရှိ CCTV Control Center တွင် စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ကွန်ပျူတာအမြင်အာရုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် "တောင်သူကြီး AI" ဟု အမည်ရသည့် AI အခြေပြုမိုဘိုင်းအက်ပလီကေးရှင်းကို စတင်တည်ဆောက်ခဲ့ပါသည်။

AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးကြီးကြပ်မှုကော်မတီကို အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၅ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ဖြင့် ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးကော်မတီ ဖွဲ့စည်းပြီး စတင်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ကွန်ပျူတာအမြင်အာရုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် နောင်ဆောင်ရွက်မည့် အခြားဉာဏ်ရည်တုနည်းပညာအခြေပြုစီမံကိန်းများကို ပြည်ထောင်စုအဆင့် ဆောင်ရွက်ရန်၊ လုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) သို့ ထည့်သွင်းဖွဲ့စည်းခဲ့ပြီး စီမံကိန်းအမည်ကို အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဟု အမည်ပြောင်းလဲခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅) မှ သဘောတူခွင့်ပြုချက်အရ အရာထမ်း ၁၀၇ နေရာ၊ အမှုထမ်း ၁၃၇ နေရာ၊ စုစုပေါင်း ၂၄၄ နေရာဖြင့် အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။

မူဝါဒ

(၁) AI နည်းပညာသည် မြန်မာနိုင်ငံ၏ နယ်ပယ်ပေါင်းစုံတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊
(၂) နည်းပညာကို အခြေခံ၍ နိုင်ငံတော်၏ အခန်းကဏ္ဍအသီးသီးကို တန်ဖိုးမြင့်တက်လာစေရန်နှင့် နိုင်ငံတော်လုံခြုံရေးကို မြှင့်တင်ရန်၊
(၃) ကိုယ်ပိုင်နည်းပညာကို တီထွင်ဖန်တီးနိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ ကုန်ကျစရိတ်များ လျှော့ချနိုင်စေရန်၊ နိုင်ငံတော်၏ နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာပိုင်ဆိုင်မှု အပြည့်အဝ ရရှိနိုင်စေရန်၊
(၄) နည်းပညာကို ဖန်တီးတည်ဆောက်နိုင်စွမ်းရှိခြင်းအားဖြင့် ကမ္ဘာ့စူပါပါဝါအပြောင်းအလဲ၊ ကုန်ထုတ်လုပ်မှုကွင်းဆက် အပြောင်းအလဲများကြောင့် ပေါ်ပေါက်လာသော အခွင့်အလမ်းများကို ရယူနိုင်ရန်၊
(၅) မြန်မာနည်းပညာရှင်များ၊ အတတ်ပညာရှင်များ ဦးနှောက်ယိုစီးမှုမရှိစေရန်နှင့် မြန်မာနိုင်ငံသား AI နည်းပညာရှင်များ စဉ်ဆက်မပြတ် တိုးတက်ပေါ်ထွန်းလာစေရန်။

ရည်မှန်းချက်

(၁) အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါသော ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အထူးစီမံကိန်းများကို တစ်နိုင်ငံလုံးတွင် စံချိန်စံညွှန်းတစ်ခုတည်းဖြစ်စေရေး၊ မဟာဗျူဟာနှင့် မူဝါဒတစ်သမတ်တည်းရှိစေရေး နိုင်ငံတော်အဆင့် အကောင်အထည်ဖော်ဆောင်နိုင်ရမည်။ နိုင်ငံတော်နှင့်ဝန်ကြီးဌာနများအတွက် လိုအပ်သော AI စီမံကိန်းများနှင့် AI အသုံးချ Application များ ရေးသားရမည်။
(၂) ဉာဏ်ရည်တုနည်းပညာကို နိုင်ငံတော်အဆင့် ကိုယ်ပိုင်နည်းပညာဖန်တီးတည်ဆောက်နိုင်ရန်၊ ကိုယ်ပိုင်နည်းပညာကို ဖန်တီးတည်ဆောက်နိုင်ခြင်းအားဖြင့် နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာပိုင်ဆိုင်မှု အပြည့်အဝ ရရှိစေရမည်။
(၃) အနာဂတ်တွင် AI Government ၊ AI Governance စနစ်များဖြင့် နိုင်ငံတော်အား အထောက်အကူပြုနိုင်စေရမည်။
(၄) ကိုယ်ပိုင်နည်းပညာဖြင့် ပြုလုပ်ထားသောကြောင့် Architecture ၊ Logic ၊ Model များကို Long-Term Maintenance ပြုလုပ်နိုင်ရန်နှင့် ကိုယ်တိုင် Upgrade ပြုလုပ်နိုင်ခြင်းနှင့် နိုင်ငံတော်အတွက် ကုန်ကျစရိတ် များစွာသက်သာစေရမည်။
(၅) ဒေတာများအား National Data အဖြစ် ရယူသိမ်းဆည်းသွားနိုင်ရမည်။
(၆) AI နည်းပညာ လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးရမည်။
(၇) Myanmar Large Language Models တည်ဆောက်သွားရမည်။

ရည်ရွယ်ချက်

(၁) ဉာဏ်ရည်တုနည်းပညာလုပ်ငန်းများအား ပြည်ထောင်စုအဆင့်အဖြစ် နယ်ပယ်အသီးသီး၌ ကျယ်ပြန့်စွာ အသုံးပြုလာနိုင်စေရန်၊
(၂) အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါသော ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အထူးစီမံကိန်းများကို နိုင်ငံတော်အဆင့် အကောင်အထည်ဖော်ဆောင်နိုင်ရန်၊
(၃) ဉာဏ်ရည်တုနည်းပညာဆိုင်ရာ မူဝါဒများချမှတ်ခြင်း၊ တစ်နိုင်ငံလုံးတွင် တူညီသော စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊ ဉာဏ်ရည်တုနည်းပညာနှင့် ပတ်သက်၍ လိုအပ်သည့် လေ့လာဆန်းစစ်မှုများ စဉ်ဆက်မပြတ်ပြုလုပ်ခြင်းများဖြင့် နိုင်ငံတော်အား အထောက်အကူပြုနိုင်ရန်နှင့် အကြံပြုနိုင်ရန်၊
(၄) ဉာဏ်ရည်တုနည်းပညာသုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးပွားလာစေရေး ဉီးစီးဆောင်ရွက်ရန်၊ နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် လိုအပ်နေသော မျိုးဆက်သစ်ဉာဏ်ရည်တုနည်းပညာရှင်များကို မွေးထုတ်ပေးရန်၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ဉာဏ်ရည်တုနည်းပညာကို ထည့်သွင်းသင်ကြားလာနိုင်စေရန်၊
(၅) မြန်မာ့ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ပြည်သူလူထုအကြား ဉာဏ်ရည်တုနည်းပညာနှင့် ပတ်သက်သည့် ဗဟုသုတများ တိုးပွားလာစေရေးအတွက် အသိပညာပေး ဆောင်ရွက်ရန်၊
(၆) နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍပေါင်းစုံတွင် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုနိုင်ရန်အတွက် လိုအပ်သော အထောက်အပံ့များ ပေးအပ်နိုင်ရန်နှင့် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်နိုင်ရန်၊
(၇) နိုင်ငံတော်မှ မွေးထုတ်ထားသော AI ပညာရှင်များကို ဦးနှောက်ယိုစီးမှု မဖြစ်စေရန်အတွက် ဦးစီးဌာနတွင် ပြန်လည်ခန့်အပ်ခြင်း၊ ဦးစီးဌာန၏ အထူးစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်စေခြင်း၊ စက်မှုလုပ်ငန်းများနှင့်ချိတ်ဆက်၍ အလုပ်အကိုင်ဖန်တီးပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အကျိုးစီးပွားအတွက် ပြန်လည်အသုံးချရန်နှင့် ဉာဏ်ရည်တုနည်း ပညာရှင်/သုတေသနပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး၊ နယ်ပယ်ပေါင်းစုံဉာဏ်ရည်တုပညာရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ မြန်မာ့လူမှုအဖွဲ့အစည်းကို အထောက်အကူပြုသော အေအိုင်အင်စတီကျုတစ်ခု တည်ထောင်နိုင်ရန်၊
(၈) ဉာဏ်ရည်တုနည်းပညာကို အစိုးရဌာနများ၊ ပြည်သူလူထုအားလုံးမှ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်စေရန်နှင့် နိုင်ငံတော်၊ အစိုးရနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့်လုံခြုံရေးကို ဦးတည်ပြီး ဉာဏ်ရည်တုနည်းပညာ၏ ဖွံ့ဖြိုးတိုးတက်မှု၊ အသုံးပြုမှုနှင့် စီမံခန့်ခွဲမှုများကို စနစ်တကျ ညှိနှိုင်းထိန်းကျောင်းနိုင်သည့် AI Government, AI Governance တည်ဆောက်ရန်၊
(၉) မြန်မာနိုင်ငံတွင် AI နည်းပညာကို နိုင်ငံတော်အဆင့် အသုံးပြုနိုင်ရန်အတွက် AI Data Centre တည်ဆောက်ပြီး ထိုမှတစ်ဆင့် AI Governance သို့ တက်လှမ်းနိုင်ရန်၊ ဉာဏ်ရည်တုနည်းပညာအတွက် အခြေခံလိုအပ်ချက်များဖြစ်သော Digitization ၊ Digitalization ၊ Digital Transformation နှင့် Socio-digital Transformation စသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ရာ၌ သက်ဆိုင်ရာဝန်ကြီးဌာနများကို ဦးစီးအကောင်အထည်ဖော်ဆောင်ရွက်ရန်။

လုပ်ငန်းတာဝန်

(၁) နိုင်ငံတကာရှိ AI နည်းပညာနှင့် AI နည်းပညာလူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ၊ မူပိုင်ခွင့်၊ ကျင့်ဝတ်၊ စံချိန်စံညွှန်း၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာကိစ္စ ရေးဆွဲချမှတ်ခြင်း၊
(၂) AI Services နှင့် AI Products ဖန်တီးထုတ်လုပ်ခြင်း၊ နည်းပညာလွှဲပြောင်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ခြင်း၊ AI နည်းပညာ အသုံးချမှုများအား လေ့လာစောင့်ကြည့်ခြင်း၊ အထူးစီမံကိန်းများ၊ လက်ရှိ AI နည်းပညာ၏ တိုးတက်မှု၊ အကျိုးသက်ရောက်မှုများကို လေ့လာဆန်းစစ်သုံးသပ်ခြင်း၊ သုတေသနနှင့်တီထွင်ဖန်တီးမှုကိစ္စများ ဆောင်ရွက်ခြင်း၊
(၃) စီမံကိန်းများ၊ AI ကျင့်ဝတ်များ၊ မူပိုင်ခွင့်များ၊ စံချိန်စံညွှန်းများ၊ စည်းမျဉ်းများ၊ ဥပဒေ/ မူဝါဒဆိုင်ရာများ၊ သုတေသန၊ တီထွင်ဖန်တီးမှုများ၊ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဃ) အစိုးရ၊ တပ်မတော်၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများနှင့်ညှိနှိုင်း၍ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ AI နည်းပညာအသုံးပြုမှုလုံခြုံရေးနှင့် AI နည်းပညာ အသုံးပြုတိုက်ခိုက်မှုများကို တန်ပြန်ခြင်း၊
(၄) ဘာသာစကားဆိုင်ရာ AI (NLP) နည်းပညာဆော့ဝဲများ ရေးသားခြင်း၊ ဆေးဘက်ဆိုင်ရာ AI နည်းပညာဆော့ဝဲများ ရေးသားခြင်း၊ အမျိုးသားလုံခြုံရေးနှင့်အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ကွန်ပျူတာအမြင်အာရုံ အသုံးပြုထားသော AI နည်းပညာဆော့ဝဲများကို ကဏ္ဍအလိုက် အသုံးပြုနိုင်အောင် ရေးသားခြင်း၊
(၅) AI နည်းပညာကို Triple Helix: Government-Industry-University ညှိနှိုင်းပူးပေါင်းဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊
(၆) မြန်မာလူ့ဘောင်အဖွဲ့အစည်းကို အထောက်အကူပြုသော အေအိုင်အင်စတီကျုတစ်ခု တည်ထောင်၍ ဦးစီးဌာန၏ မူဝါဒများနှင့်အညီ AI နည်းပညာ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးရေး၊ မြန်မာနိုင်ငံ AI ပညာရှင်များအသင်း၊ AI ပညာရှင် ဝါသနာရှင်များအသင်းတို့ကို တည်ထောင်ခြင်း၊
(၇) ဦးစီးဌာန၏ ဝန်ထမ်းရေးရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်ခြင်း။

ဖွဲ့စည်းပုံ