ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
← ဝန်ကြီးဌာနအကြောင်း

ပြည်ထောင်စုဝန်ကြီးရုံး

သမိုင်းကြောင်း

၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများကို ရေကြောင်းနှင့်မြို့ပြလေကြောင်းဝန်ကြီးဌာနနှင့် သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာနနှစ်ခုခွဲ၍ ဖွဲ့စည်းခဲ့ပါသည်။

၁၉၆၁ ခုနှစ်တွင် အထက်ပါဝန်ကြီးဌာနနှစ်ခုကို ပေါင်းစည်း၍ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ၁၉၇၂ ခုနှစ်တွင် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများကို ကော်ပိုရေးရှင်းအမည်များဖြင့် ပြောင်းလဲ၍ ဝန်ကြီးဌာနကိုလည်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၁၉၉၂ ခုနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၃) ခုအဖြစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များအား ဝန်ကြီးဌာနတစ်ခုသီးသန့်ဖွဲ့စည်း၍ သီးခြားဆောင်ရွက်ခဲ့ပါသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန စတင်ဖွဲ့စည်းစဉ်က ဦးစီးဌာန (၂) ခု၊ စီးပွားရေးအဖွဲ့စည်း (၁) ခု၊ စုစုပေါင်းဌာန (၃) ခု ပါဝင်ခဲ့ပါသည်။ ၎င်းတို့မှာ-

         (က)   ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

(ခ)     မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

(ဂ)     ​မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တို့ဖြစ်ပါသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနအမည်ဖြင့် ဆောင်ရွက်နေခဲ့ရာမှ ၉-၁၁-၂၀၁၂ တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၁၂) ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟူ၍ ဦးစီးဌာန (၁) ခု၊ လုပ်ငန်း (၁) ခုဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅) အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းလက်အောက်မှ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် မြန်မာ့စာတိုက်လုပ်ငန်း ဟူ၍ သီးခြားအတည်ပြု တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်သမ္မတရုံး၏ ၃၀-၃-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၃/၂၀၁၆) ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနတို့အား ပြန်လည်ပေါင်းစည်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးတွင် ယခင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဟူ၍ သီးခြားဖွဲ့စည်းခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၆) ၏ သဘောတူခွင့်ပြုချက်ဖြင့်  ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ဝန်ကြီးရုံးနှင့် ဦးစီးဌာန/လုပ်ငန်း ၇ ခုတို့ဖြင့် အရာထမ်းရာထူး (၁၃၄၂) နေရာ၊ အမှုထမ်းရာထူး (၁၅၈၆၈) နေရာဖြင့် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။