သတင်းအချက်အလက်နည်းပညာဦးစီးဌာန
နောက်ခံသမိုင်း
ဆက်သွယ်ရေးဥပဒေ (၂၀၁၃) ပြဋ္ဌာန်းပြီးနောက် ပြည်သူ့ဝန်ဆောင်မှုအမျိုးအစားများဖြစ်သော e-Government လုပ်ငန်းများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာလုပ်ငန်းများ၊ ဝန်ကြီးဌာနနှင့်အစိုးရအဖွဲ့အစည်းအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းများအတွက် e-Government ဆိုင်ရာ အသိပညာများကို သင်ကြားပို့ချပေးခြင်း၊ ပင်လယ်ရေကြောင်းဆက်သွယ်ရေးရေဒီယိုစခန်း (Global Maritime Distress and Safety System- GMDSS) များ၊ နိုင်ငံပိုင်ဂြိုဟ်တုဆက်သွယ်ရေးလုပ်ငန်းများကို ယခင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အကောင်အထည်ဖော်ဆောင်ရွက်ရာမှ ဦးစီးဌာနအနေဖြင့် သီးခြားဖွဲ့စည်းတည်ထောင်၍ ဆောင်ရွက်ရန် လိုအပ်ခဲ့သည့်အတွက် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅) သဘောတူခွင့်ပြုချက်အရ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၁၅)ဖြင့် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။
စတင်ဖွဲ့စည်းခဲ့စဉ်က e-Government လုပ်ငန်းစဉ်များအား အကျိုးရှိရှိ ပေါင်းစပ်အသုံးပြုနိုင်ရေး၊ လုပ်ငန်းစဉ်အသစ်များအား လေ့လာ၍ စီမံကိန်းသစ်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရေး၊ သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာ (ICT) စံနှုန်းများ သတ်မှတ်နိုင်ရေး၊ လိုအပ်သည့် ဥပဒေများပြဋ္ဌာန်းနိုင်ရေး၊ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ဌာနဆိုင်ရာအချင်းချင်းတို့အား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဌာနခွဲ ၈ ခု၊ အရာထမ်း ၉၀ နေရာ၊ အမှုထမ်း ၂၁၂ နေရာ၊ စုစုပေါင်း ရာထူး ၃၀၂ နေရာဖြင့် စတင်တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။
နိုင်ငံတော်၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒ၊ ဆိုက်ဘာလုံခြုံရေးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ e-Governance Master Plan 2030 တို့နှင့်အညီ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လုပ်ငန်းများ၊ e-Government လုပ်ငန်းစဉ်များ၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် သွားလာလျက်ရှိသည့်ရေယာဉ်များ သဘာဝဘေးအန္တရာယ်အပါအဝင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကယ်ဆယ်ရေးနှင့်ကာကွယ်ရေးဆိုင်ရာ ပင်လယ်ရေကြောင်းဆက်သွယ်ရေးလုပ်ငန်းများ၊ ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တိုးတက်ပြောင်းလဲလာသော လုပ်ငန်းစဉ်များနှင့်နည်းပညာများအရလည်းကောင်း၊ ဆက်လက်တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများအရလည်းကောင်း မူလဖွဲ့စည်းပုံကို တိုးချဲ့ဖွဲ့စည်းရန် လိုအပ်ပါသဖြင့် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅) ၏ သဘောတူခွင့်ပြုချက်ဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၃-၇-၂၀၂၅ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၄၇/ ၂၀၂၅ အရ အရာထမ်း ၂၁၅ နေရာ ၊ အမှုထမ်း ၄၈၅ နေရာ၊ စုစုပေါင်းရာထူး ၇၀၀ နေရာ၊ ဌာနခွဲ ၁၀ ခု ဖြင့် ထပ်မံပြင်ဆင်၍ လုပ်ငန်များအကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ယခင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကို ဝန်ကြီးဌာန ၂ ခု အဖြစ် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ မူလဖွဲ့စည်းထားသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်းတို့ကို နည်းပညာ၊ ခေတ်စနစ်တို့နှင့်လိုက်လျောညီထွေရှိစေရေးနှင့်ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မူဝါဒနှင့် လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၆) ၏ သဘောတူခွင့်ပြုချက်ဖြင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၉-၆-၂၀၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၂၆ အရ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဦးစီးဌာန၊ အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့စာတိုက်လုပ်ငန်းတို့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ပြည်သူကို ဗဟိုပြု၍ ခေတ်မီသန့်ရှင်းသော ဒီဂျစ်တယ်အစိုးရစနစ်တစ်ခု ပေါ်ပေါက်လာစေရေး ဦးတည်ဆောင်ရွက်သွားရန် ရည်ရွယ်၍ သတင်းအချက်အလက်နည်းပညာဦးစီးဌာနကို အရာထမ်း ၁၀၅ ဦး၊ အမှုထမ်း ၃၃၆ ဦး၊ စုစုပေါင်း ၄၄၁ ဦး၊ ဌာနခွဲ ၆ ခု ဖြင့် ပြင်ဆင်၊ တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းများအသီးသီးမှ e-Government လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ကြရာတွင် အထောက်အပံ့ကောင်းများ ပံ့ပိုးပေးနိုင်ရန်အတွက် ဥပဒေ/မူဝါဒများရေးဆွဲခြင်း၊ Digital Services များ ပံ့ပိုးပေးခြင်း၊ နည်းပညာအကြံဉာဏ်များ ပံ့ပေးခြင်းနှင့် IT ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
မူဝါဒ
၁။ ပြည်သူကို ဗဟိုပြု၍ ခေတ်မီသန့်ရှင်းသော ဒီဂျစ်တယ်အစိုးရစနစ်တစ်ခု ပေါ်ပေါက်လာစေရန်။
၂။ နိုင်ငံတကာစံနှုန်းများနှင့်အညီ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများကို ထိရောက်စွာအသုံးချ၍ အစိုးရဌာနများအကြား စနစ်နှင့်အချက်အလက်များ အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်စေရန်။
၃။ အစိုးရဝန်ဆောင်မှုများကို တစ်နေရာတည်းမှ လွယ်ကူမြန်ဆန်စွာ ရယူနိုင်စေရန်။
၄။ Digital Economy ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သည့် နည်းပညာအခြေခံအဆောက်အအုံနှင့် ဒီဂျစ်တယ်စနစ်များကို စနစ်တကျဖော်ဆောင်သွားရန်။
၅။ သတင်းအချက်အလက်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်ပေးရန်။
ရည်မှန်းချက်
ပြည်သူကို ဗဟိုပြု၍ ခေတ်မီသန့်ရှင်းသော ဒီဂျစ်တယ်အစိုးရစနစ်တစ်ခု ပေါ်ပေါက်လာစေရေး ဦးတည်ဆောင်ရွက်ရမည်။
လုပ်ငန်းတာဝန်
၁။ ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်သည့် Common and Share Application Platform အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
၂။ e-Governance Master Plan ၊ Digital Economy Development လမ်းပြမြေပုံပါ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
၃။ နိုင်ငံတကာတွင် ပြဋ္ဌာန်းထားသည့် မူဘောင်များနှင့်အညီ လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
၄။ အစိုးရဝန်ဆောင်မှုများအား တစ်နေရာတည်းတွင် စုစည်းဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ခြင်း၊
၅။ ရေရှည်နှင့် ကာလတို နည်းပညာဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခြင်း၊ နိုင်ငံတကာ/ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် e-Government ဆိုင်ရာ၊ e-Commerce ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
ဖွဲ့စည်းပုံ
သတင်းအချက်အလက်နည်းပညာဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၆) ၏ သဘောတူခွင့်ပြုချက်ဖြင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၉-၆-၂၀၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၂၆ အရ အရာထမ်း ၁၀၅ ဦး ၊ အမှုထမ်း ၃၃၆ ဦး ၊ စုစုပေါင်း ၄၄၁ ဦး၊ ဌာနခွဲ ၆ ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ဆက်သွယ်ရန်လိပ်စာ
၁။ ရုံးအမှတ်(၂) ၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန။
၂။ Information Access Center၊ ဇဗ္ဗူ့ကျက်သရေလမ်း၊ ဗဟိုမီးသတ်အနီး၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
