ဆိုက်ဘာလုံခြုံရေးဦးစီးဌာန
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ပင်လယ်ရေကြောင်းဆက်သွယ်ရေးဌာနခွဲ
နောက်ခံသမိုင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် Burma Coast Radio Station – Rangoon Radio၊ Call Sign-XYR အမည်ဖြင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းဆက်သွယ်ရေးစခန်းရုံးကို ၁၉၆၅ ခုနှစ် ဖေဖော်ဝါရီလအလယ်မှစ၍ သန်လျက်စွန်းရေတပ်စခန်းမှ သန်လျင်မြို့နယ်၊ ပျဉ်ထောင်ကျောင်းကျေးရွာ၊ ဆက်သွယ်ရေးဝင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်၍ လှိုင်းနှုန်းမြှင့်အသံဖမ်းနှင့် အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်းဆက်သွယ်ရေးစခန်း (ရန်ကုန်ရေဒီယို-XYR) အမည်ဖြင့် Radio Telephony နှင့် Morse Telegraphy စက်ပစ္စည်းများကို အသုံးပြု၍ ပင်လယ်ပြင်အတွင်း သွားလာနေကြသော သင်္ဘောများအတွက် ရေကြောင်းနှင့် သဘာဝဘေးအန္တရာယ်ကင်းရှင်းရေးအပါအဝင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ရည်ရွယ်၍ ရေဒီယိုအသံဖမ်းစခန်း၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်းအဖွဲ့ချုပ် (International Maritime Organization – IMO) မှ ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကို နောက်ဆုံးထား၍ Global Maritime Distress and Safety System စနစ်ကိုလိုက်နာကျင့်သုံးကြရန် ထုတ်ပြန်ခဲ့၍ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သန်လျင်ရေဒီယိုစခန်း၌ VHF, MF/HF(SKANTI) နှင့် မြိတ်ရေဒီယို စခန်း၌ VHF (SKANTI) GMDSS စက်ပစ္စည်းများကို တပ်ဆင်အသုံးပြုခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သန်လျင်စခန်း၌ VHF, MF/HF(SAILOR), Inmarsat mini-c (receive only) နှင့် VHF, MF/HF(SAILOR) GMDSS စက်ပစ္စည်းများကို တပ်ဆင်အသုံးပြုခဲ့ပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံသည် IMO အဖွဲ့ဝင်နိုင်ငံဖြစ်၍ IMO အဖွဲ့ Audit Team မှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ လာရောက်စစ်ဆေးခဲ့ရာ စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာ၏ Final Report Corrective Action Plan ၊ Finding - 15 အရ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ကို လွှမ်းခြုံနိုင်မည့် ရေဒီယိုစခန်းများတည်ဆောက်ရန် လိုအပ်ကြောင်းဖော်ပြချက်အရ “GMDSS စက်ပစ္စည်းများကို အဆင့်မြှင့်တင်၍ ကမ်းရိုးတန်း တစ်လျှောက် ရေဒီယိုစခန်း ၁၉ ခုအား အသစ်တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းစီမံကိန်း” “New Setting of 19 Radio Stations along Myanmar Coastal Area by Upgrading Global Maritime Distress and Safety System (GMDSS) Machines” ကို နိုင်ငံတော်၏ Project Bank တွင်ထည့်သွင်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင်၍ မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အပြည်အပြည်ဆိုင်ရာပင်လယ်ရေကြောင်းရေဒီယိုစခန်း၊ Global Maritime Distress and Safety System - GMDSS ကို ယခင်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်ပဆက်သွယ်ရေးဌာနမှ ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှစတင်၍ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ပင်လယ်ရေကြောင်းဆက်သွယ်ရေးဌာနခွဲမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ပင်လယ်ရေကြောင်းဆက်သွယ်ရေးဌာနခွဲ
မူဝါဒ
သဘာဝဘေးအန္တရာယ်နှင့်အရေးပေါ်အခြေအနေများ စီမံခန့်ခွဲရာတွင် အိုင်စီတီနည်းပညာကို ထိရောက်စွာ အသုံးပြုရေး။
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ပင်လယ်ရေကြောင်းဆက်သွယ်ရေးဌာနခွဲ
ရည်မှန်းချက်
မြန်မာနိုင်ငံကမ်းရိုးတန်းနယ်နိမိတ်အတွင်း သွားလာလျက်ရှိသည့် ကမ်းနီး/ကမ်းဝေး ရေယာဉ်များ သဘာဝဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်းကောင်း၊ ဘေးအန္တရာယ် တစ်စုံတရာကျရောက်ပါက အရေးပေါ်ကယ်ဆယ်ရေးအခြေအနေများ စီမံခန့်ခွဲနိုင်ရန်အတွက်လည်းကောင်း၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများအသုံးပြု၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရမည်။
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ပင်လယ်ရေကြောင်းဆက်သွယ်ရေးဌာနခွဲ
လုပ်ငန်းတာဝန်များ
မြန်မာနိုင်ငံကမ်းရိုးတန်းတစ်လျှောက်တွင် သွားလာနေကြသည့် ကမ်းနီး/ ကမ်းဝေး ရေယာဉ်များ၊ ငါးဖမ်းရေယာဉ်နှင့်ကုန်တင်သင်္ဘောများတွင် သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် GMDSS စခန်းများမှ မိုးလေဝသသတင်း၊ ရေကြောင်းသွားလာမှုသတင်း၊ မုန်တိုင်းသတိပေးချက်သတင်းများကို သတ်မှတ်ထားသည့်အချိန်များတွင် ထုတ်လွှင့်ပေးလျက်ရှိပါသည်။ မြန်မာ့ပင်လယ်ပြင်နယ်နိမိတ်အတွင်း သွားလာနေသည့် ရေယာဉ်၊ လေယာဉ်များထံမှ ဘေးအန္တရာယ်တစ်စုံတရာကျရောက်ကြောင်း သတင်းအချက်အလက်များ (Distress Message) ကို လက်ခံရရှိပါက ကူညီကယ်ဆယ်ပေးမည့် အဖွဲ့အစည်းများဖြစ်သည့် ရေပြင်ပိုင်းဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးပေါင်းစပ်ညှိနှိုင်းကွပ်ကဲမှုဌာနချုပ် (Maritime Rescue Coordination Centre - MRCC)၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (Myanmar Coast Guard - MCG) တို့ထံသို့ ဖြစ်ပွားသည့်နေရာ အတိအကျပါဝင်သည့် သက်ဆိုင်ရာအချက်အလက်တို့ကို အချိန်နှင့်တစ်ပြေးညီ ပေးပို့ဆောင်ရွက်သည့်ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ပင်လယ်ရေကြောင်းဆက်သွယ်ရေးဌာနခွဲ
ဆက်သွယ်ရန်လိပ်စာ
| ဌာနခွဲအမည် | ပင်လယ်ရေကြောင်းဆက်သွယ်ရေးဌာနခွဲ |
| အမည် | ဦးဝင်းမင်းလတ် |
| ရာထူး | ဒုတိယညွှန်ကြားရေးမှူး |
| ဖုန်း | ၀၉၄၂၄၀၀၀၁၆၈ |
| wlatt293@gmail.com | |
| လိပ်စာ | Information Access Center |
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ပင်လယ်ရေကြောင်းဆက်သွယ်ရေးဌာနခွဲ
GMDSS စက်ပစ္စည်းများကိုအဆင့်မြှင့်တင်၍ ကမ်းရိုးတန်းတစ်လျှောက် ရေဒီယိုစခန်း ၁၉ ခုအား အသစ်တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းစီမံကိန်း
တည်ဆောက်ပြီး - ၉ စခန်း
တည်ဆောက်ရန်ကျန် - ၉ စခန်း
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်တည်ဆောက်မည့်စခန်း - ၁ စခန်း (ဟိုင်းကြီးကျွန်း)
GMDSS စခန်းများ၌ စက်ပစ္စည်းများတပ်ဆင်ထားရှိမှု အဆင့် (A) စခန်း၊ သန်လျင်၊ မြိတ်၊ ကျောက်ဖြူ ဝန်ဆောင်မှုဧရိယာ - ရေမိုင် ၂၀၀
- Very High Frequency - VHF,
- Medium/High Frequency - MF/HF,
- Automatic Identification System - AIS နှင့်
- Navigational Telex - NAVTEX (Tx and Rx)
အဆင့် (B) စခန်း၊ ချောင်းသာ၊ ကော့သောင်း ဝန်ဆောင်မှုဧရိယာ - ရေမိုင် ၁၀၀
- Very High Frequency - VHF,
- Medium/High Frequency - MF/HF,
- Automatic Identification System - AIS နှင့်
- Navigational Telex - NAVTEX (Rx Only)
အဆင့် (C) စခန်း၊ ကျိုက္ခမီ၊ သောင်ပြင်၊ ဘူဒင်းချောင်၊ ကရသူရိ ဝန်ဆောင်မှုဧရိယာ - ရေမိုင် ၃၀
- Very High Frequency – VHF နှင့်
- Automatic Identification System – AIS
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ပင်လယ်ရေကြောင်းဆက်သွယ်ရေးဌာနခွဲ
တည်ဆောက်ပြီး GMDSS စခန်းများ၏ မှတ်တမ်းဓာတ်ပုံများ

သန်လျင် GMDSS စခန်း၊ NCC နှင့် Server အခန်း (၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်)

မြိတ် GMDSS စခန်းနှင့် Server အခန်း (၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်)

ကျောက်ဖြူ GMDSS စခန်းနှင့် Machine Room (၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်)

ကျိုက္ခမီ GMDSS စခန်းနှင့် Machine Room (၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်)

သောင်ပြင် GMDSS စခန်းနှင့် Machine Room (၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်)

ဘူဒင်းချောင် GMDSS စခန်းနှင့် Machine Room (၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်)

ချောင်းသာ GMDSS စခန်းနှင့် Machine Room (၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်)

ကော့သောင်း GMDSS စခန်းနှင့် Machine Room (၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်)

ကရသူရိ GMDSS စခန်းနှင့် Machine Room (၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်)
တည်ဆောက်ပြီး GMDSS စခန်း ၉ ခုမှ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ရေကြောင်း ရေဒီယိုဆက်သွယ်ရေးဝန်ဆောင်မှုပေးနေမှုအခြေအနေ
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ဂြိုဟ်တုဆက်သွယ်ရေးဌာနခွဲ
နောက်ခံသမိုင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၁၉၈၉ ခုနှစ်တွင် တိုးကြောင်ကလေး၌ Standard B Satellite Earth Station ဂြိုဟ်တုမြေပြင်စခန်းတည်ဆောက်၍ ပြည်ပနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၁၉၉၁ ခုနှစ်တွင် အထက်မြန်မာပြည် ၆ မြို့နှင့် အောက်မြန်မာပြည် ၆ မြို့တို့တွင် ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း(Earth Station) များ တည်ဆောက်ကာ AsiaSat ဂြိုဟ်တု ငှားရမ်း၍ ပြည်တွင်းဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုပေးခဲ့ပါသည်။ ထိုစဉ်က အသုံးပြုုခဲ့သော ပြည်တွင်း ဂြိုဟ်တုဆက်သွယ်ရေးစနစ်မှာ Voice Circuits ဟု ခေါ်သော တယ်လီဖုန်းပြောဆိုရန် ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပဆက်သွယ်ရေးကို အဆင့်မြှင်တင်ရန်အတွက် ITI (International Telecommunication Improvement ) Project ဖြင့် သန်လျင်ပျဉ်ထောင်ကျောင်းတွင် အချင်း ၁၈.၃ မီတာ ရှိသော Intelsat Standard A ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်းကို တည်ဆောက်၍ ပြည်ပဆက်သွယ်ရေးကို Voice အပြင် Data Communication ပါ ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ကိုလည်း Intelsat ဂြိုဟ်တုမှတစ်ဆင့် ပြည်ပသို့ ထုတ်လွှင့်နိုင်ခဲ့ပါသည်။ ထိုစဉ်က ရုပ်မြင်သံကြားတစ်လိုင်းအတွက် Analouge စနစ်ဖြင့် ထုတ်လွှင့်ဖမ်းယူရပြီး စခန်းမှ Digital Microwave ကို SIMENS စက်များဖြင့် E3 144 Mbps Carrier ကို မရမ်းကုန်း ITMC (International Telecom Maintenance Center) သို့ ပေးပို့နိုင်ခဲ့ပါသည်။ နောက်တစ်နှစ်ခန့်အကြာတွင် SIEMENS ကုမ္ပဏီမှ E2 45 Mbps ဖြင့် ပိုမိုသေးငယ်သော Carrier ကို အသုံးပြုလာနိုင်ခဲ့ပါသည်။
၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ iPstar ဟုခေါ်ဆိုသော ThaiCom 4 ဂြိုဟ်တုကို လွှတ်တင်ခဲ့ပြီး ၂၀၀၆ ခုနှစ် တွင် ThaiCom 5 ကို ဆက်တိုက်လွှတ်တင်ခဲ့ပါသည်။ ထို့နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ပြည်တွင်းဂြိုဟ်တုဆက်သွယ်ရေးအသုံးပြုသော AsiaSat 1 ဂြိုဟ်တုသက်တမ်းကုန်၍ ThaiCom 5 ကို ပြောင်းလဲအသုံးပြုခဲ့ပါသည်။ ထိုစဉ်က အသုံးပြုသောဂြိုဟ်တုစနစ်မှာ VSAT (Very Small Aperture Termincal) ဂြိုဟ်တုအင်တီနာစနစ်ဖြစ်ပြီး မိုက်ခရိုဝေ့လိုင်းနှင့် ဖိုက်ဘာလိုင်း ဆက်သွယ်မှုမရသေးသော မြို့နယ်များသို့ VSAT ဖြင့် E1 လိုင်းများ ကို Backhaul အဖြစ် ပေးပို့ကာ အဆိုပါမြို့နယ်များတွင် Auto Exchange များနှင့် Mobile BTS (Base Transceiver Station) စခန်းများ ဖွင့်လှစ်၍ ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် Ku & Ka satellite ဖြစ်သော ThaiCom 4 ခေါ် ipstar ဂြိုဟ်တုကို ပြည်ပနိုင်ငံများနည်းတူ အသုံးပြုခဲ့ပါသည်။ ထိုအချိန်မှစတင်၍ ဂြိုဟ်တုဆက်သွယ်ရေးတွင် IP (Internet Protocol) စနစ်ဖြင့် စတင်အသုံးပြုနိုင်ခဲ့ပါသည်။ ဂြိုဟ်တု Terminal တစ်ခုကို IP Address တစ်ခု သတ်မှတ်ကာ ဂြိုဟ်တု IP ကွန်ရက်ကို အသုံးပြုနိုင်ခဲ့ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တိုးကြောင်ကလေးဂြိုဟ်တုမြေပြင်စခန်းတွင် iPStar Satellite Hub ကို တည်ဆောက်၍ မြန်မာနိုင်ငံတစ်ခုလုံးသို့ IP စနစ်ဖြင့် Internet များ ဖြန့်ဝေနိုင်ခြင်း VoIP (Voice over IP) စနစ်ဖြင့် အစွန်အဖြားကျေးရွာများအထိ ဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၂၃ ခုနှစ်တွင် Thai Com 4 ခေါ် IPStar ဂြိုဟ်တုအသုံးပြုမှု ရပ်ဆိုင်းခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅) အရ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၁၅) ဖြင့် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနကို ၂၀၁၅ခုနှစ်၊ ဧပြီလ၁ရက်နေ့မှ စတင်၍ ဌာနခွဲ ၈ ခုဖြင့် တည်ထောင်ဖွဲ့စည်းခဲ့ရာ ဂြိုဟ်တုဆက်သွယ်ရေးဌာနသည် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ထိုစဉ်က ဂြိုဟ်တုဆက်သွယ်ရေးဌာနအား အာကာသဌာနခွဲနှင့် မြေပြင်စခန်းဌာနခွဲ တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး၊ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် MyanmarSat-2 အား အသုံးပြု၍ ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှု ပေးခဲ့ပါသည်။ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅) ၏ သဘောတူခွင့်ပြုချက်ဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၃-၇-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၇/ ၂၀၂၅ အရ ဌာနခွဲ ၁၀ ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ဂြိဟ်တုဆက်သွယ်ရေးဌာနခွဲအား စီးပွားရေးရာဌာနစုနှင့် ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာဌာနစုတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
သတင်းအချက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသည် MyanmarSat-1 ဂြိုဟ်တု စီမံကိန်းအား ၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊ MyanmarSat-2 ဂြိုဟ်တုစီမံကိန်းအား ၂၀၁၈ ခုနှစ်တွင်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ နောက်ပိုင်းတွင် Internet အသုံးပြုသူများက High Speed Internet အသုံးပြုလိုသည့်အတွက် မြန်နှုန်းမြင့် Internet ဝန်ဆောင်မှုပေးနိုင်သော Satellite Hub System များကို ဂြိုဟ်တုစခန်းများတွင် အသုံးပြုလာကြပြီး ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း(သန်လျင်) တွင် iDirect နှင့် Newtec Satellite Hub System များကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ အသုံးပြုလျက်ရှိပါသည်။ 4G/ 5G Mobile စနစ်တွင် ဂြိုဟ်တု ဆက်သွယ်ရေးသည် မပါမဖြစ်သော အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ATOM ၊ U9 ၊ Mytel စသည့် Telecom Operator များသည် မိုက်ခရိုဝေ့လိုင်းနှင့် ဖိုက်ဘာလိုင်း ဆက်သွယ်မှုမရသေးသောဒေသများတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှုပေးရန်အတွက် ဂြိုဟ်တုအား Satellite Backhaul Link အဖြစ် တွင်ကျယ်စွာ အသုံးပြုလျက် ရှိပါသည်။ Satellite Operator များသည် Fiber ကဲ့သို့ မြန်နှုန်းမြင့်ဂြိုဟ်တု (High Throughput Satellite) များ လွှတ်တင်လာကြသကဲ့သို့ ဂြိုဟ်တုမှမိုဘိုင်းဖုန်းသို့တိုက်ရိုက် Device-To-Device (D-To-D) နည်းပညာ ဖြင့် Internet ဝန်ဆောင်မှုပေးနိုင်သော LEO (Low Earth Orbit) Satellite လည်း လွှတ်တင်လာကြပါသည်။
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ဂြိုဟ်တုဆက်သွယ်ရေးဌာနခွဲ
မူဝါဒ
ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုရေး၊
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ဂြိုဟ်တုဆက်သွယ်ရေးဌာနခွဲ
ရည်မှန်းချက်
ဆက်သွယ်ရေးဝန်ဆောင်မှုလိုအပ်သည့်နေရာ၊ ဒေသများတွင် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်ကို အသုံးပြု၍ ဝန်ဆောင်မှုပေးရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်အရေးပေါ်အခြေအနေများ စီမံခန့်ခွဲရာတွင် အိုင်စီတီနည်းပညာကို ထိရောက်စွာ အသုံးပြုနိုင်ရေးဆောင်ရွက်ရန်၊
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ဂြိုဟ်တုဆက်သွယ်ရေးဌာနခွဲ
လုပ်ငန်းတာဝန်များ
(၁) MyanmarSat-2 ဂြိုဟ်တုစနစ်၏ ဂြိုဟ်တုထရန်စပွန်ဒါများ စောင့်ကြည့်ထိန်းချုပ်ရေး နှင့် ကွပ်ကဲရေးလုပ်ငန်းများ (MyanmarSat-2 Transponder Monitoring & Control) ဆောင်ရွက်ခြင်း။
(၂) ဂြိုဟ်တုထရန်စပွန်ဒါများကို ငှားရမ်းထားသည့် Bandwidthနှင့် Frequency အတိုင်း အစိုးရဌာနများနှင့်ပြည်တွင်းကုမ္ပဏီ၊အဖွဲ့အစည်းများသုံးစွဲမှုရှိ/မရှိ စောင့်ကြည့်စစ်ဆေး ခြင်းနှင့်သုံးစွဲသူများ၏ Customer Complaints ဖြေရှင်းပေးခြင်း။
(၃) Satellite Hubs, Antennas, RF Equipment, Generators & UPS Systems စသည့် ဂြိုဟ်တု ဆက်သွယ်ရေးမြေပြင်စခန်းဆိုင်ရာ စက်ပစ္စည်းများနှင့် ဆက်စပ်စနစ်များအား ပြုပြင်ထိန်းသိမ်းခြင်း။
(၄) Satellite Operator နှင့် နည်းပညာပိုင်းဆိုင်ရာများ ဆက်သွယ်ဆောင်ရွက်ခြင်း။
(၅) အာကာသနှင့် ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား/သူ များ အား Industrial Training & Internship Program လက်ခံသင်ကြားပေးခြင်း။
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ဂြိုဟ်တုဆက်သွယ်ရေးဌာနခွဲ
ဆက်သွယ်ရန်လိပ်စာ
| ဌာနခွဲအမည် | ဂြိုဟ်တုဆက်သွယ်ရေးဌာနခွဲ |
| အမည် | ဒေါ်နှင်းမြမြမိုး |
| ရာထူး | ညွှန်ကြားရေးမှူး |
| ဖုန်း | ၀၆၇-၃၄၀၇၇၁၃ |
| လိပ်စာ | ရုံးအမှတ်(၂)၊ နေပြည်တော် |
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ဂြိုဟ်တုဆက်သွယ်ရေးဌာနခွဲ
MyanmarSat-2
ဆက်သွယ်ရေးဂြိုဟ်တုအကြောင်းသိကောင်းစရာ
၂၀၁၈ ခုနှစ် တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် MyanmarSat-2 ဂြိုဟ်တုသည် ကမ္ဘာ့တည်ငြိမ်ပတ်လမ်း (Geosynchronous Earth Orbit) ၏ Orbital Slot အရှေ့လောင်ဂျီတွဒ် 61.95 ဒီဂရီတွင် လွှတ်တင်ထားပြီး ဂြိုဟ်တုသက်တမ်းမှာ ၁၅နှစ် (၂၀၁၉ မှ၂၀၃၄ အထိ) ဖြစ်ပါသည်။
- MyanmarSat-2 ဂြိုဟ်တုသည် C-Band 432 MHz ၊ Ku-Band 432 MHz စုစုပေါင်း 864 MHz ဖြင့် ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်ပါသည်။
- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် MyanmarSat-2 ဂြိုဟ်တုကို အသုံးပြု၍ ဝေးလံခေါင်ဖျားနေရာဒေသများတွင် မိုဘိုင်းဖုန်းနှင့်အင်တာနက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
- MRTV သည် ၁-၂-၂၀၂၂ ရက်နေ့မှစတင်၍ MyanmarSat-2 ဂြိုဟ်တုအသုံးပြု၍ Direct-To-Home (DTH) နည်းပညာဖြင့် ရုပ်မြင်သံကြားလိုင်းများကို ထုတ်လွှင့်ပေးနိုင်ခဲ့ပြီး၊ ပြည်သူလူထု အနေဖြင့် လည်း ၂ ပေစလောင်းဖြင့် ၂၄နာရီပတ်လုံး ကြည်လင်ပြတ်သားစွာ အခမဲ့ဖမ်းယူ ကြည့်ရှုလျက်ရှိပါသည်။
- MRTV သည် MyanmarSat-2 ဂြိုဟ်တု အသုံးပြု၍ နိုင်ငံတော်အဆင့်အခမ်းအနားများနှင့် လွှတ်တော်အစည်းအဝေးကျင်းပပုံများအား Live Broadcasting ထုတ်လွှင့်လျက်ရှိပါသည်။
- MyanmarSat-2 ဂြိုဟ်တုအသုံးပြု၍ ပင်လယ်ရေကြောင်းဆက်သွယ်ရေး GMDSS ရေဒီယိုစခန်းများနှင့်ကမ်းလွန်ရေနံလုပ်ကွက်တွင် အင်တာနက်နှင့် VoIP ဖုန်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
- ၁၄-၅-၂၀၂၃ ရက်နေ့တွင် မိုခါမုန်တိုင်း တိုက်ခတ်ခဲ့သည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် MyanmarSat-2 ဂြိုဟ်တုကို အရေးပေါ် ဆက်သွယ်ရေးအဖြစ် အသုံးပြု၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်တုံ့ပြန်ရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လျင်မြန်ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
- GMDSS အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းဆက်သွယ်ရေး ရေဒီယိုစခန်းများဖြစ်သည့် သန်လျင်၊ မြိတ်၊ ကျိုက္ခမီ၊ ကျောက်ဖြူ၊ သောင်ပြင်၊ ဘူဒင်းချောင်၊ ချောင်းသာ၊ ကော့သောင်း၊ ကရသူရိ စခန်းများတွင် တပ်ဆင်ထားသည့် 1.2m VSAT ၊ VoIP Phone နှင့် အင်တာနက်တို့ကို အသုံးပြု၍ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ဆက်သွယ်ရေးအထောက်အကူပြု ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
- ဆက်သွယ်ရေးစနစ်များ ပြတ်တောက်လျက်ရှိသော ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အုပ်ချုပ်ရေး၊ လုံခြုံ ရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ္စရပ်များအတွက် MyanmarSat-2 ဂြိုဟ်တု အသုံးပြု၍ မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးခြင်း၊ အင်တာနက်ဝန်ဆောင်မှုပေးခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုလျက်ရှိပါသည်။
- နယ်စပ်လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများတွင် Satellite-based CCTV Security System အဖြစ် အသုံးပြုနိုင်ပါသည်။
- e-Government & Online Service များ ဝန်ဆောင်မှုပေးရာတွင် Infrastructure အဖြစ် အသုံးပြုနိုင်ပါသည်။
- ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဖွံဖြိုးမှုနောက်ကျသော ဝေးလံခေါင်ဖျားနေရာဒေသများတွင် Telecom Operator များနှင့် ပူးပေါင်း၍ ရွေ့လျား E-Learning Center များ အသုံးပြုခြင်းဖြင့် ပညာရေးကဏ္ဍကို မြှင့်တင်နိုင်ခြင်း၊ Telemedicine (အဝေးရောက် ဆေးကုသခြင်း) အသုံးပြု၍ ဆေးရုံငယ်များ တည်ဆောက်ကာ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခြင်း၊ Satellite-based Wi-Fi အင်တာနက် Service စသည်တို့ကို ဝန်ဆောင်မှုပေးနိုင်ပါသည်။
- ပြည်ပဂြိုဟ်တု Bandwidth ငှားရမ်းသုံးစွဲစရိတ်များနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်သက်သာခြင်းနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ခြင်း အကျိုးကျေးဇူးရှိပါသည်။
- ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ Naypyitaw State Academy မှ Internship/ Industrial Training လုပ်ငန်းခွင်လက်တွ့ လာရောက် လေ့လာသင်ယူသည့် ကျောင်းသား/သူ စုစုပေါင်း ၁၆၈ ဦးအား ဂြိုဟ်တုဆက်သွယ်ရေးအကြောင်း သင်ကြားပို့ချခဲ့ပါသည်။
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - ဂြိုဟ်တုဆက်သွယ်ရေးဌာနခွဲ
ဓာတ်ပုံကဏ္ဍ
ပုံ(၁) MyanmarSat-2 ဂြိုဟ်တု
ပုံ(၂) MyanmarSat-2 C-Band Footprint
ပုံ(၃) MyanmarSat-2 Ku-Band Footprint
ပုံ(၄) မြေပြင်အခြေပြု Mobile/ Microwave/ Fiber Network များ၏ကန့်သတ်ချက်များကို ကျော်လွှားကာ ဝေးလံခေါင်ဖျားဒေသများအပါအဝင် နေရာဒေသမရွေး မိုဘိုင်းဖုန်း နှင့် အင်တာနက် အသုံးပြုလိုပါက အလွယ်တကူသယ်ဆောင်သွားနိုင်သော Ku-Band Portable VSAT Satellite Terminal ကိုအသုံးပြုနိုင်ပုံ
ပုံ(၅) MyanmarSat-2 ဂြိုဟ်တုအသုံးပြု၍ ပင်လယ်ရေကြောင်းရေဒီယိုစခန်းများတွင် အင်တာနက်၊ VoIP ဖုန်းနှင့် CCTV Security Monitoring စနစ်များ ဝန်ဆောင်မှုပေးထားပုံ
ပုံ(၆) မိုခါမုန်တိုင်း တိုက်ခတ်ခဲ့သည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် MyanmarSat-2 ဂြိုဟ်တုကို အရေးပေါ်ဆက်သွယ်ရေးအဖြစ် အသုံးပြုခဲ့ပုံ
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - မြန်မာဆိုက်ဘာအရေးပေါ်တုံ့ပြန်ရေးဌာနခွဲ
ဆောင်ရွက်ချက်များ
(၁) ဆိုက်ဘာလုံခြုံရေးထိခိုက်မှုဖြစ်စဉ်များကို တုံ့ပြန်ဖြေရှင်းခြင်း။ နိုင်ငံအဝှမ်း သတင်းပို့တိုင်ကြားလာသော ဆိုက်ဘာလုံခြုံရေးထိခိုက်မှုဖြစ်စဉ်များအား ကိုင်တွယ်ဖြေရှင်းကာ လိုအပ်သည့်နည်းပညာအကြံပြုချက်များအား ပေးပို့ကူညီလျက်ရှိပါသည်။
(၂) ဆိုက်ဘာလုံခြုံရေးဆိုင်ရာအသိပညာပေးခြင်း။ ဆိုက်ဘာလုံခြုံရေး အသိပညာပေးဗီဒီယိုပြိုင်ပွဲများ နှစ်စဉ်ကျင်းပခြင်း၊ အစိုးရဌာန/ အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် တက္ကသိုလ်ကောလိပ်များမှ ကျောင်းသားကျောင်းသူများအား အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟုသုတများအား မျှဝေခြင်း၊ နိုင်ငံတော်အဆင့် အခမ်းအနားများတွင် ဆိုက်ဘာလုံခြုံရေးပြခန်းများနှင့် ပြိုင်ပွဲများကျင်းပခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
(၂) ဆိုက်ဘာလုံခြုံရေး စွမ်းဆောင်ရည်မြှင့်တင်တည်ဆောက်ခြင်း။ Myanmar Cyber Security Challenge (MCSC) ပြိုင်ပွဲများ နှစ်စဉ်ကျင်းပခြင်း၊ ASEAN Cyber SEA Game အပါအဝင် နိုင်ငံတကာဆိုက်ဘာလုံခြုံရေးပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေခြင်းနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြည်တွင်းပြည်ပသင်တန်းများသို့ စေလွှတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
(၄) ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်း။ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆိုက်ဘာတိုက်ခိုက်မှု သတင်းအချက်အလက်များ မျှဝေခြင်း၊ ဆိုက်ဘာတိုက်ခိုက်မှု အစမ်းလေ့ကျင့်ခြင်း (Drill)၊ ဆိုက်ဘာလေ့ကျင့်ခန်းများ (Exercise) ဆောင်ရွက်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ နည်းပညာဖလှယ်ခြင်းနှင့် နိုင်ငံများအကြား ဆိုက်ဘာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန - မြန်မာဆိုက်ဘာအရေးပေါ်တုံ့ပြန်ရေးဌာနခွဲ
ဆက်သွယ်ရန်လိပ်စာ
| ဌာနခွဲအမည် | မြန်မာဆိုက်ဘာအရေးပေါ်တုံ့ပြန်ရေးဌာနခွဲ |
| အမည် | ဦးကျော်စိုးနိုင် |
| ရာထူး | ညွှန်ကြားရေးမှူး |
| ဖုန်း | 0673422272 |
| director.mmcert@e-moddc.gov.mm | |
| လိပ်စာ |
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော် |
