မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
နောက်ခံသမိုင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိပြီး ဆက်သွယ်ရေးလွယ်ကူချောမွေ့လာသည်နှင့်အမျှ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ကာ လက်ရှိဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်လျက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း (၁၃၀) ကျော်ကြာအောင် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသော 4G/ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။
၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ စာတိုက်နှင့်ကြေးနန်းဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး စာတိုက်နှင့်ကြေးနန်းညွှန်ကြားရေးဝန်ချုပ်မှ ဌာနအကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှစ၍ စာတိုက်ဌာနနှင့် ကြေးနန်းဌာနဟူ၍ ဌာန (၂)ခု သီးခြား ဖွဲ့စည်းခဲ့ပြီး စာတိုက်ဌာနတွင် စာတိုက်မင်းကြီးမှလည်းကောင်း၊ ကြေးနန်းဌာနတွင် အင်ဂျင်နီယာချုပ်မှလည်းကောင်း အသီးသီးတာဝန်ခံ ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ၁၉၆၀ ပြည့်နှစ် မတိုင်မီထိ စာတိုက်ဌာနနှင့် ကြေးနန်းဌာနဟူ၍ ဌာနနှစ်ခုဖြင့် သီးခြားဆောင်ရွက်ခဲ့ပြီး ၁၉၆၀ မှ ၁၉၇၂ ခုနှစ် အချိန်အထိ စာတိုက်နှင့် ကြေးနန်းဌာနတစ်ခုတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံအုပ်ချုပ်ရေးစနစ်သစ်အရ ဆက်သွယ်ရေးဆိုင်ရာ ပြည်တွင်း၊ ပြည်ပ ဥပဒေ၊ နည်းဥပဒေ စသည်တို့ကို လိုက်နာစေရန် ထိန်းသိမ်းကွပ်ကဲသည့် အဖွဲ့အစည်းအဖြစ် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း (စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း) လုပ်ကိုင်သည့် ဆက်သွယ်ရေးကော်ပိုရေးရှင်းဟူ၍ အဖွဲ့အစည်း (၂) ရပ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
၁၉၇၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဆက်သွယ်ရေးကော်ပိုရေးရှင်းအား လုပ်ငန်းများကို စီးပွားရေးဆိုင်ရာ ပီပြင်စွာ ဆောင်ရွက်နိုင်ရန် ပြည်နယ်နှင့် တိုင်းမန်နေဂျာရုံးများဖြင့် ဝန်ထမ်းအင်အား (၈,၈၀၅) ဦးဖြင့် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၂ ခုနှစ်၊ ဧပြီလ ၁ ရက် နေ့တွင် ဆက်သွယ်ရေးဖွံ့ဖြိုးမှုစီမံကိန်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ဌာနကြီးများ၊ ရုံးချုပ်အခြေစိုက်စခန်းများ၊ ပြည်နယ်/တိုင်းရုံးနှင့် စခန်းများဖြင့် တိုးချဲ့ ဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁ ရက် နေ့တွင် ဆက်သွယ်ရေးကော်ပိုရေးရှင်းအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀/၉၂ အရ နိုင်ငံတော်၏ စီးပွားရေး၊ တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများအား ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနကို ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဦးစီးဌာနနှင့် စီးပွားရေးအဖွဲ့အစည်းများဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး စီးပွားရေးအဖွဲ့အစည်းအဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပါဝင်ခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅) အရ ၁-၄-၂၀၁၅ ရက်နေ့မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖွဲ့စည်းပုံကို အရာထမ်း (၅၀၀)ဦး နေရာ၊ အမှုထမ်း (၈,၀၅၆)ဦး နေရာ၊ စုစုပေါင်း (၈,၅၅၆)ဦး နေရာဖြင့် ဖွဲ့စည်းထားပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ၃၀-၃-၂၀၁၆ ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းခဲ့ရာ ယင်းဝန်ကြီးဌာနတွင် စီးပွားရေးအဖွဲ့အစည်းအဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပါဝင်ခဲ့ပါသည်။ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်၏ ရည်မှန်းချက်များ ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်သွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိကများ ပိုမိုပါဝင်ဆောင်ရွက်နိုင်မည့် ဆက်သွယ်ရေးဥပဒေကို ၈-၁၀-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုပြည်ထောင်စုဥပဒေအမှတ် (၃၁) ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။
နိုင်ငံတော်၏ ဆက်သွယ်ရေးကဏ္ဍလိုအပ်ချက်များအား အချိန်တိုအတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ပြည်ပ Operator များဖြစ်သော Ooredoo နှင့် Telenor တို့အား ဆက်သွယ်ရေးဥပဒေနှင့်အညီ လိုင်စင်များ ချထားပေးခဲ့ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးအရင်းအနှီးနှင့် နည်းပညာပိုင်း ခိုင်မာတောင့်တင်းပြီး လိုအပ်ချက်များကို အကိုက်ညီဆုံး ဖြည့်ဆည်းပေးနိုင်မည့် ကုမ္ပဏီတစ်ခုအား ရွေးချယ်နိုင်ရေး စိစစ်ဆွေးနွေးခဲ့ပါသည်။
ငွေကြေးအရင်းအနှီးနှင့် နည်းပညာပိုင်း ခိုင်မာတောင့်တင်းပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လိုအပ်ချက်များကို အကိုက်ညီဆုံး ဖြည်ဆည်းပေးနိုင်မည့် KDDI-Sumitomo ကုမ္ပဏီကို ပဏာမ ရွေးချယ်၍ Joint Operations (JO) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်ရန် KDDI Corporation နှင့် Sumitomo Corporation တို့ ပူးပေါင်းဖွဲ့စည်းထားသည့် KDDI Summit Global Myanmar Co., Ltd. (KSGM)နှင့် Joint Operations Agreement-JOA ကို ၁၆-၇-၂၀၁၄ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၁-၉-၂၀၁၄ ရက်နေ့တွင် လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပါသည်။
JOA ကနဦးသက်တမ်းသည် ၁၀ နှစ်ဖြစ်ပြီး ၃၁-၃-၂၀၂၅ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်ပါသည်။ JOA ကို နောက်ထပ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီးပွားရေးရာကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့သို့ အဆင့်ဆင့်တင်ပြ ခွင့်ပြုချက်ရယူပြီး သက်တမ်းတိုးမြှင့်ခြင်းစာချုပ် Reinstated Agreement of JOA ကို သက်တမ်း ၁၀နှစ် ၁-၄-၂၀၂၅ မှ ၃၁-၃-၂၀၃၅ အထိ ထပ်မံချုပ်ဆို၍ KDDI Summit Global Myanmar Co., Ltd. (KSGM) နှင့် ဆက်လက်လုပ်ငန်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်သမ္မတရုံး၏ ၁၀-၄-၂၀၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၆) ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းသည့် ဝန်ကြီးဌာနများတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ရာ ယင်းဝန်ကြီးဌာနတွင် ပါဝင်ခဲ့ပါသည်။
Website လိပ်စာ
မူဝါဒ
(၁) ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေလျက် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူဖြစ်စေရန်၊
(၂) ပြည်သူလူထုအနေဖြင့် ဆက်သွယ်ရေး၀န်ဆောင်မှုများကို တတ်နိုင်သည့်နှုန်းထား (Affordable Price) ဖြင့် အသုံးပြုနိုင်စေရန်၊
(၃) ၀န်ဆောင်မှုအရည်အသွေးကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်။
ရည်မှန်းချက်
မြို့ပြဒေသများသာမက ကျေးလက်ဒေသများအထိ နိုင်ငံတကာစံနှုန်းများနှင့်အညီ အရည်အသွေးရှိသော ဝန်ဆောင်မှုများပေး၍ ဈေးကွက်အတွင်း ဦးဆောင်သူ ဖြစ်ရမည်။
လုပ်ငန်းတာဝန်
(၁) မိုဘိုင်းကွန်ရက် လွှမ်းခြုံနိုင်မှုအတွက် မိုဘိုင်းစခန်းများ တိုးချဲ့တည်ဆောက်ခြင်းနှင့် အရည်အသွေး ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးခြင်း၊
(၂) အသေးစား၊ အလတ်စား စီးပွားရေးကုမ္ပဏီများနှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ပြီး Business To Business (B2B) ဝန်ဆောင်မှုများ ဆက်လက်တိုးချဲ့ဆောင်ရွက်ခြင်း၊
(၃) အော်တိုတယ်လီဖုန်းများကို အရည်အသွေးမြှင့်တင်လျက် ဝန်ဆောင်မှုတိုးချဲ့ဆောင်ရွက်ခြင်းနှင့် အခြားဝန်ဆောင်မှုများနှင့်တွဲဖက်၍ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး ဆောင်ရွက်ခြင်း၊
(၄) ဖိုင်ဘာအင်တာနက်အသုံးပြုမှုတိုးတက်လာစေရေးအတွက် Fiber To The Home (FTTH) အစီအစဉ်များအား ဆက်လက်တိုးချဲ့ဆောင်ရွက်ခြင်း၊
(၅) သုံးစွဲသူများ၏ နေ့စဉ်နေထိုင်မှုဘဝတွင် အမြဲပါဝင်နေသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် အခြားဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများပေးသည့် အော်ပရေတာအဖြစ် ရပ်တည်နိုင်ရေး ဆောင်ရွက်ခြင်း။
ဖွဲ့စည်းပုံ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖွဲ့စည်းပုံအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ ၂၀၁၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့အထိ အရာထမ်း (၅၀၃) ဦးနှင့် အမှုထမ်း (၁၄,၇၅၆) ဦး ၊ စုစုပေါင်းရာထူး (၁၅,၂၅၉) ဦးဖြင့် ဖွဲ့စည်းထားပါသည်။ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် အခြားကျန်ရှိနေသည့် စီးပွားရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ စသည်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ပါသဖြင့် ပြည်သူ့ဗဟိုပြု ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍသို့ ပြောင်းလဲဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေးဦးတည်ချက်များနှင့်အညီ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေပြီး ပြည်သူလူထု၏ နှစ်သက်မှုအရ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်းဝန်ဆောင်မှုလုပ်ငန်းများကို သုံးစွဲသူပြည်သူများထံသို့ အမြန်ဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံးဖြင့် လုံခြုံချောမွေ့စွာ ၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ မူလမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖွဲ့စည်းပုံအား သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် မြန်မာ့စာတိုက်လုပ်ငန်းဟူ၍ ဦးစီးဌာန (၁) ခု၊ လုပ်ငန်းဌာန (၂) ခုဖြင့် ပြောင်းလဲပြင်ဆင်ရေးဆွဲခဲ့ရာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅) အရ ၁-၄-၂၀၁၅ ရက်နေ့မှစ၍ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခွင့်ရရှိခဲ့ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖွဲ့စည်းပုံသည် ၁-၄-၂၀၁၅ ရက်နေ့မှစ၍ အရာထမ်း (၅၀၀) ဦးနေရာ၊ အမှုထမ်း (၈,၀၅၆) ဦးနေရာ၊ စုစုပေါင်း (၈,၅၅၆) ဦး နေရာဖြင့် ဖွဲ့စည်းထားပြီး ဌာနကြီး (၄) ခုနှင့် နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီးမန်နေဂျာရုံးများဟူ၍ ပါဝင်ဖွဲ့စည်းထားပါသည်။
၁။ ဌာနကြီးများ (၄)ခု
(ကက) စီမံရေးရာနှင့်ဥပဒေရေးရာဌာနကြီး
(ခခ) ဘဏ္ဍာရေးဌာနကြီး
(ဂဂ) စီးပွားရေးဌာနကြီး
(ဃဃ) နည်းပညာဌာနကြီး
၂။ နေပြည်တော်ကောင်စီနယ်မြေနှင့် ပြည်နယ်/တိုင်းဒေသကြီး (၁၇)ခု
(ကက) နေပြည်တော်ကောင်စီနယ်မြေ
(ခခ) ကချင်ပြည်နယ်
(ဂဂ) ကယားပြည်နယ်
(ဃဃ) ကရင်ပြည်နယ်
(ငင) ချင်းပြည်နယ်
(စစ) မွန်ပြည်နယ်
(ဆဆ) ရခိုင်ပြည်နယ်
(ဇဇ) ရှမ်းပြည်နယ် (အရှေ့ပိုင်း)
(ဈဈ) ရှမ်းပြည်နယ် (တောင်ပိုင်း)
(ညည) ရှမ်းပြည်နယ် (မြောက်ပိုင်း)
( ဋဋ) စစ်ကိုင်းတိုင်းဒေသကြီး
(ဌဌ) တနင်္သာရီတိုင်းဒေသကြီး
(ဍဍ) ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)
(ဎဎ) ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)
(ဏဏ) မကွေးတိုင်းဒေသကြီး
(တတ) မန္တလေးတိုင်းဒေသကြီး
(ထထ) ရန်ကုန်တိုင်းဒေသကြီး
(ဒဒ) ဧရာဝတီတိုင်းဒေသကြီး
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ၁,၉၆၀ ခုနှစ်နောက်ပိုင်းမှ ယနေ့အထိ တာဝန် ထမ်းဆောင်ခဲ့သည့် ဌာနအကြီးအကဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ဌာနအကြီးအကဲများ 
ဆက်သွယ်ရန်လိပ်စာ
| ဌာနခွဲအမည် | မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း |
| အမည် | ဦးမျိုးသန်း |
| ရာထူး | ဦးဆောင်ညွှန်ကြားရေးမှူး |
| ဖုန်း | ၀၉-၄၂၅၀၀၀၀၁၁ |
| myothan@mptmmf.com | |
| လိပ်စာ | အမှတ်(၄၃)၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ရုံးအမှတ်(၂)၊ နေပြည်တော် |
| ဌာနခွဲအမည် | စီမံရေးရာနှင့်ဥပဒေရေးရာဌာနကြီး |
| အမည် | ဦးရဲမင်းဦး |
| ရာထူး | အထွေထွေမန်နေဂျာ |
| ဖုန်း | ၀၉-၂၀၉၉၁၃၃ |
| yeminoo@mptmmf.com | |
| လိပ်စာ | အမှတ်(၁၀၃)၊ လမ်း(၄၀)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ |
| ဌာနခွဲအမည် | ဘဏ္ဍာရေးဌာနကြီး |
| အမည် | ဒေါ်တင်တင်ဝင်း |
| ရာထူး | အထွေထွေမန်နေဂျာ |
| ဖုန်း | ၀၉-၅၄၂၁၀၆၃ |
| tintinwin1@mptmmf.com | |
| လိပ်စာ | အမှတ်(၄၆၅/၄၆၉)၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်၊ (၈)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ |
| ဌာနခွဲအမည် | စီးပွားရေးဌာနကြီး |
| အမည် | ဦးကိုကိုအောင် |
| ရာထူး | အထွေထွေမန်နေဂျာ |
| ဖုန်း | ၀၉-၄၅၀၀၀၀၀၉၂ |
| kokoaung@mptmmf.com | |
| လိပ်စာ | အမှတ်(၄၃)၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ |
| ဌာနခွဲအမည် | နည်းပညာဌာနကြီး |
| အမည် | ဦးလင်းလင်းကို |
| ရာထူး | အထွေထွေမန်နေဂျာ |
| ဖုန်း | ၀၉-၅၀၂၁၀၀၃ |
| linlinko@mptmmf.com | |
| လိပ်စာ | အမှတ်(၃၆၁)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ |
