ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
← ဆောင်းပါးများ

AI အကြောင်းသိကောင်းစရာ

ကျွန်တော်တို့အားလုံးရဲ့ နေ့စဉ်လှုပ်ရှားဆောင်ရွက်နေတဲ့ကိစ္စတွေမှာ AI ဆိုတာ ရှိနေပါတယ်။ အင်တာနက်ပေါ်ကနေ ကိုယ်သိချက်တဲ့ အချက်အလက်တွေကို ရှာတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ Youtube ကနေ video တွေကြည့်တဲ့အခါ ဒါမှမဟုတ် Netflix ကနေ ရုပ်ရှင်တွေကြည့်တဲ့ အခါ

ကျွန်တော်တို့အားလုံးရဲ့ နေ့စဉ်လှုပ်ရှားဆောင်ရွက်နေတဲ့ကိစ္စတွေမှာ AI ဆိုတာ ရှိနေပါတယ်။ အင်တာနက်ပေါ်ကနေ ကိုယ်သိချက်တဲ့ အချက်အလက်တွေကို ရှာတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ Youtube ကနေ video တွေကြည့်တဲ့အခါ ဒါမှမဟုတ် Netflix ကနေ ရုပ်ရှင်တွေကြည့်တဲ့ အခါ၊  Online shopping တွေကနေ စျေးဝယ်တဲ့အခါ၊ Social Media ပေါ်မှာ Post တင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အဲဒီလှုပ်ရှားမှုတွေ အားလုံးရဲ့နောက်ကွယ်မှာ AI ဆိုတာရှိနေပါတယ်။

AI ဆိုတာ ဘာလဲ

AI ဆိုတာ Aritifical Intelligence ရဲ့ အတိုကောက်အခေါ်အဝေါ်ဖြစ်ပြီးတော့ “အသိဥာဏ်တု” လို့ ယေဘုယျ ဘာသာပြန်နိုင်ပါတယ်။ လူတွေလို တုပတွေးတောတတ်အောင် ပရိုဂရမ် ရေးဆွဲထားတဲ့ နည်းပညာဖြစ်ပါတယ်။ လူသားတွေမှာ အသိဥာဏ်ရှိလို့ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိသလိုမျိုးပဲ စက်တွေမှာ AI ရှိတဲ့အတွက် ခွဲခြားစိတ်ဖြာနိုင်စွမ်းရှိလာပါတယ်။ 

အသိဥာဏ်တု ဆိုတဲ့အတိုင်းပဲ လူတွေရဲ့ Online ပေါ်က ဆောင်ရွက်ချက်တွေကို မှတ်သားထားပြီး ခွဲခြမ်းစိတ်ဖြာပေးကာ အနာဂတ်လုပ်ဆောင်ချက်တွေကို ပိုမိုလွယ်ကူအောင် ဆောင်ရွက်ပေးပါတယ်။ ဥပမာ အားဖြင့် Netflix မှာ ဟာသကား အကြည့်များတဲ့ သူတစ်ယောက်ကို ဟာသရုပ်ရှင်တွေကိုပဲ အသားပေးပြီး သူ့ account မှာ ပြပေးတာမျိုး ဖြစ်ပါတယ်။  နောက်ထပ် ဥပမာတစ်ခုကတော့ social media တွေမှာ ကိုယ်အကြည့်များတဲ့ ခေါင်းစဉ်နဲ့ဆိုင်တဲ့ ကြော်ငြာတွေ post တွေကို ကိုယ့်ရဲ့ wall ပေါ်မှာ တက်လာစေတာမျိုးပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ပြုမူဆောင်ရွက်ချက်တွေအလိုက် အသိဥာဏ်တုက ရလဒ်ကို ဖော်ပြပေးနေပါတယ်။

AI ဘယ်လိုအလုပ်လုပ်သလဲ

 

AI က အတွေအကြုံကနေ အလုပ်လုပ်ပါတယ်လို့ပဲ လွယ်လွယ်ကူကူ ပြောနိုင်ပါတယ်။ အတွေ့အကြုံများများရှိလေ AI ပိုကောင်းလေပဲဖြစ်ပါတယ်။ အတွေ့အကြုံကနေ သင်ယူပြီး အဲဒီအတွေ့အကြုံကနေ ဘယ်ဟာမှားတယ် ဘယ်ဟာမှန်တယ် ဘာဖြစ်လာနိုင်တယ်ဆိုတာကို  အဖြေထုတ်ပါတယ်။ အတွေ့အကြုံနဲ့ အချက်အလက်တွေ အပါအဝင် အမှန်အမှား ဆုံးဖြတ်နိုင်ဖို့ algorithm တွေကိုတော့ လူတွေက ထည့်သွင်းပေးရပါတယ်။ အဲဒါကို လေ့ကျင်ပေးခြင်း ( train) လုပ်တယ်လို့ ခေါ်ပါတယ်။ data များများနဲ့ train လုပ်နိုင်လေ ပိုပြီး intelligent ဖြစ်လေ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ အချက်အလက်တွေကို input အဖြစ် များစွာရရှိနိုင်တဲ့ Social Media လို့ခေါ်တဲ့ လူမှုကွန်ရက်တွေမှာ AI က အတော်အောင်မြင်ပြီး targeted advertising လို အလုပ်မျိုးကို အောင်အောင်မြင်မြင် လုပ်ဆောင်လာနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း Data များများ ရနေတဲ့ Google, Meta, Amazon စတဲ့ ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍဟာ  ရှေ့လျောက်လည်း အရေးပါနေဦးမှာ ဖြစ်ပါတယ်။

AI ကို ဘယ်လိုနေရာမျိုးမှာ သုံးကြသလဲ

AI  သဘောတရားတွေကို ၁၉၄၈ ခုနှစ်လောက်ကတည်းက ဖော်ထုတ်ခဲ့ကြပါတယ်။ AI ဆိုတဲ့ အသုံးအနှုန်းကို ၁၉၅၆ ခုနှစ်မှာ  စတင်သုံးနှုန်းခဲ့တာ ဖြစ်ပေမယ့် ၂၀၀၀ ခုနှစ် အစောပိုင်းကျမှ ပဲ AI နည်းပညာအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိလာခဲ့တာဖြစ်ပါတယ်။ ခုချိန်မှာဆိုရင်တော့ AI က နည်းပညာနယ်ပယ်မှာ မရှိမဖြစ် အနေအထားကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ AI အသုံးပြုမှုအချို့ကိုတော့ ကျွန်တော်တို့ အနီးအနားမှာပဲ နေ့စဉ်တွေ့ရှိနိုင်ပါတယ်။

မျက်နှာဖတ်ရှုထောက်လှမ်းခြင်း (Face Recognition သို့မဟုတ် Face Detection)

iPhone ကို FaceID နဲ့ဖွင့်တာမျိုး၊ App store ပေါ်က app တစ်ခုကို download လုပ်ဖို့ FaceID နဲ့ လုပ်တာမျိုးဟာ သိသာထင်ရှားတဲ့ Face Recognition ရဲ့ ဥပမာ တစ်မျိုးဖြစ်ပါတယ်။ ကင်မရာကတစ်ဆင့် သုံးစွဲသူရဲ့မျက်နှာကို ဖမ်းယူလိုက်ပြီး အဲဒီမျက်နှာမှာပါတဲ့ အချက်အလက်တွေနဲ့ ယခင်က ထည့်သွင်းထားတဲ့ (trained လုပ်ထားတဲ့) မျက်နှာပါ အချက်အလက်တွေကို Machine Learning Algorithm က နေ တိုက်ဆိုင်စိစစ်ပေးပြီး မှန်-မမှန်ဆုံးဖြတ်ပေးတာပါ။

အသံနားထောင်ထောက်လှမ်းခြင်း (Voice Recognition)

ကျွန်တော်တို့ရဲ့ smart phone တွေမှာ တွေ့ရလေ့ရှိတဲ့ Google Assistant တို့၊ iphone တွေမှာ ပါတဲ့ Siri တို့ ၊ Samsung ဖုန်းတွေမှာ တွေ့ရတဲ့ Samsung Bixby တို့ဟာ Voice Assistant AI တွေဖြစ်ပါတယ်။ ဘာပြောရင် ဘာပြန်ပြောရမယ်ဆိုတဲ့ data တွေကို ကြိုတင်ထည့်သွင်း train လုပ်ထားပြီး train လုပ်ထားတဲ့အတိုင်း AI တွေက အလုပ်လုပ်ကြပါတယ်။

Social Media နဲ့ Streaming Media များ

Social Media တွေဖြစ်တဲ့ Instagram၊ Twitter၊ Facebook စတာတွေမှာ AI တွေရဲ့ အသုံးဝင်မှုကို အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ wall ပေါ်မှာ ဘယ်လိုသတင်းတွေ ဖော်ပြပေးရမလဲဆိုတာကို ကျွန်တော်တို့ ရှာဖွေဖတ်ရှုခဲ့တဲ့ ၊ follow လုပ်ခဲ့တဲ့၊ tweet လုပ်ခဲ့တဲ့၊ react လုပ်ခဲ့တဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ဆုံးဖြတ်ပေးပါတယ်။ ကျွန်တော်တို့စိတ်ဝင်စားလောက်တဲ့အရာတွေကို ဖော်ပြပေးပြီး ကြေငြာပေးကြပါတယ်။

ဒါ့အပြင် Netflix၊ Youtube စတဲ့ Streaming media တွေမှာလည်း AI နည်းပညာကို အသုံးပြုကြပါတယ်။ ကျွန်တော်တို့ ကြည့်နေကျ၊ ရှာဖွေနေကျ ပုံစံတွေကို အချက်အလက်အဖြစ်ရယူပြီးတော့ Algorithm ကို သုံးပြီး ကျွန်တော်တို့ စိတ်ကြိုက်ဖြစ်နိုင်မယ့် အစီအစဉ်တွေ ရုပ်ရှင်တွေကို ခန့်မှန်းပြီး Recommendation ပေးကာ သုံးစွဲတဲ့သူတွေကို အကြိုက်တွေ့အောင် ဆွဲဆောင်လာကြပါတယ်။

Chatbot များ.

Natural Language Processing လို့ ခေါ်တဲ့ ကွန်ပျူတာစက်ပစ္စည်းတွေနဲ့ လူနဲ့ အပြန်အလှန်ဆက်သွယ်နိုင်တဲ့ AI နည်းပညာကို အသုံးပြုပြီး Customer တွေရဲ့ မေးနေကျ မေးခွန်းကို အချိန်တိုအတွင်း တုံ့ပြန်တဲ့ စနစ်ကို အသုံးများလာကြပါတယ်။ Customer တွေ သိလိုသမျှမေးခွန်းတွေကို message ပေးပို့ မေးမြန်းတဲ့အချိန်မှာ အရောင်းဝန်ထမ်းတစ်ဦးဦးအစား AI စနစ်နဲ့ ဖြေကြားတာဖြစ်ပါတယ်။ တုံ့ပြန်နိုင်စွမ်းမြန်ဆန်ဖို့ ၊ Customer စိတ်ကျေနပ်ဖို့ နဲ့ engagement ပိုမိုရရှိဖို့စတဲ့ ရည်ရွယ်ချက်တွေအတွက် AI တွေကို ပိုမိုအသုံးပြုလာကြပြီး 24/7 ဝန်ဆောင်မှုပေးနိုင်အောင် အသုံးပြုလာကြခြင်းဖြစ်ပါတယ်။ Social Media များ အပြင် Website များ၊ applications တွေမှာပါ chatbox ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ် ။

AI ရဲ့ အနာဂတ်ခြေလှမ်းများ

အရှိန်အဟုန်နဲ့ကြီးထွားလာနေတဲ့ AI နည်းပညာကြောင့် မောင်းသူမဲ့ကားဆိုတာမျိုးဟာ တကယ်ဖြစ်ပေါ်လာခဲ့ပါပြီ။ ကိုယ်တိုင်ဖုန်းခေါ်စရာမလိုပဲ Voice Assistant တွေကို ဖုန်းခေါ်ခိုင်းထားမျိုး၊ reservation လုပ်ခိုင်းတာမျိုးတွေက ထူးခြားတဲ့လုပ်ဆောင်ချက်တွေလို့ မှတ်ယူလို့မရတော့ပါဘူး။ လူအစား Robot တွေကို နေရာတော်တော်များများမှာ အစားထိုးလာကြပါပြီ။ လက်ရာပြောင်မြောက်လှတဲ့ ပန်းချီကားတွေကို AI အကူအညီနဲ့ ဖန်တီးနေနိုင်ပါပြီ။

ကျွန်တော်တို့အနေနဲ့ AI ရဲ့ ရှေ့ဆက်အနာဂတ်ခြေလှမ်းတွေကို အများကြီးတွေ့မြင်ရဖို့ရှိ နေပါသေးတယ်။ ၂၀၂၅ ခုနှစ်မှာ AI ရဲ့ စျေးကွက်က $190 billion  လောက်ရှိလာမယ်လို့ ခန့်မှန်းထားကြပြီး App အားလုံးရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ AI နည်းပညာ ဖြစ်လာမယ်လို့ ယုံကြည်ထားကြပါတယ်။ ငွေကြေးဆိုင်ရာကဏ္ဍတွေ၊ ကျန်းမာရေးကဏ္ဍတွေ၊ ဝန်ဆောင်မှုကဏ္ဍတွေနဲ့ ကုန်ထုတ်လုပ်မှုဆိုင်ရာ ကဏ္ဍတွေသာမက မူဝါဒရေးရာတွေ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုတွေအထိပါ AI ရဲ့ အခန်းကဏ္ဍက ပိုမိုကျန်ပြန့်လာဦးမှာ ဖြစ်ပါတယ်။

အဲဒီလို အရှိန်အဟုန်နဲ့ ကျယ်ပြန့်လာတဲ့ AI နည်းပညာကြောင့် လူတွေရဲ့ အရေးပါမှု ပျောက်ဆုံးလာမှာ၊ အလုပ်လက်မဲ့တွေပိုမိုများပြားလာမှာ စတာတွေအတွက် စိုးရိမ်မကင်းလည်း ဖြစ်နေကြပါတယ်။

ကမ္ဘာပေါ်မှာ နည်းပညာတွေတရှိန်ထိုးပြောင်းလဲမှုကို  ဟိုအရင်ကတည်းက ကြုံတွေခဲ့ရပြီး အဲလိုဖြစ်လာတိုင်းမှာ အလားတူစိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် AI ဆိုတာကလည်း လူသားတွေ ဖန်တီးထားတဲ့ နည်းပညာတစ်ရပ်ပဲ ဖြစ်တဲ့အတွက် တိုးတက်လာတဲ့ AI နည်းပညာတွေကို လူသားတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းဖို့ ကြိုးစားရင်းနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်လာနိုင်မယ်လို့ပဲ ယူဆမိပါတယ်။