၂၀၃၀ခုနှစ်တွင် အာရှ ပစိဖိတ်ဒေသ၌ 5G မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်ချိတ်ဆက်မှုကို ၅၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံနိုင်ရန် မျှော်မှန်း
Global System for Mobile Communications Association (GSMA) အဖွဲ့ကြီး၏ ၂၀၂၅ခုနှစ်၊ အာရှပစိဖိတ်ဒေသ မိုဘိုင်းဆက်သွယ်ရေးစီးပွားရေးအစီရင်ခံစာအရ အာရှပစိဖိတ်ဒေသ၌ ၂၀၂၄ ခုနှစ် တွင် 5G ကွန်ရက်ချိတ်ဆက်မှုသည် ၁၈ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၃၀ ခုနှစ်တွင
Global System for Mobile Communications Association (GSMA) အဖွဲ့ကြီး၏ ၂၀၂၅ခုနှစ်၊ အာရှပစိဖိတ်ဒေသ မိုဘိုင်းဆက်သွယ်ရေးစီးပွားရေးအစီရင်ခံစာအရ အာရှပစိဖိတ်ဒေသ၌ ၂၀၂၄ ခုနှစ် တွင် 5G ကွန်ရက်ချိတ်ဆက်မှုသည် ၁၈ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၃၀ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံချိတ်ဆက်နိုင်ရန် လျာထားကြောင်းသိရှိရသည်။ ဂျီဒီပီအားဖြင့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများမှ ၂၀၂၄ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၅၀ ဘီလီယံ ပါဝင်ခဲ့ရာမှ ၂၀၃၀ ခုနှစ် တွင်အမေရိကန်ဒေါ်လာ (၁.၄) ထရီလီယံအထိ တိုးတက် ပါဝင်လာမည်ဟုမျှော်မှန်းထားသည်။ သို့ရာတွင် တစ်ဖက်တွင်လည်း အော်ပရေတာများသည် ငွေကြေးအရင်းအနှီးမပြည့်စုံသည့် အခက်အခဲများကို ရင်ဆိုင်နေရချိန်တွင် လှိုင်းနှုန်းစဉ် (Spectrum)ဈေးနှုန်းများ သုံးဆခန့် မြင့်တက်လာမှု၊ စီးပွားရေးအရ တွက်ခြေမကိုက်သည့် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသေးသော (Underserved Area) ကဲ့သို့သောနေရာ ဒေသများတွင် ဝန်ဆောင်မှုဖြည့်ဆည်းရန်စသော ဖိအားများနှင့်ရင်ဆိုင်နေရပါသည်။ ထိုသို့ Spectrum ဈေးနှုန်းများ အဆမတန်ဈေးမြင့်တက်လာခြင်းနှင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုကွာဟချက်များသည် မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်နေမှုကို ခြိမ်းခြောက်နေသည်ဟု မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းရှင်များအဖွဲ့က သတိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါ GSMA ၏ အစီရင်ခံစာတွင် အာရှပစိဖိတ်ဒေသတစ်ဝှမ်းလုံးရှိ မိုဘိုင်းဆက်သွယ်ရေး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကို အလေးပေးဖော်ပြထားသည်ကို လေ့လာတွေ့ရှိရသည်။ ၂၀၂၄ခုနှစ် တစ်နှစ်တည်းမှာပင် မိုဘိုင်းဆက်သွယ်ရေးနည်းပညာနှင့်ဝန်ဆောင်မှုများမှ ဒေသ၏ ဂျီဒီပီကို အမေရိကန်ဒေါ်လာအားဖြင့် (၉၅၀) ဘီလီယံ ပါဝင်နိုင်ခဲ့ပြီး အဆိုပါငွေပမာဏမှာ ဒေသတစ်ခုလုံးရှိ စီးပွားရေးထုတ်ကုန်အားလုံး၏ (၅.၆) ရာခိုင်နှုန်းအထိ ပါဝင်နိုင်ခဲ့သည့် အနေအထားဖြစ်သည်။ 5G, AI နှင့် IOT စသည့် ဒစ်ဂျစ်တယ်နည်းပညာများကို ပိုမိုတိုးတက်အသုံးပြုလာနိုင်သည်နှင့်အမျှ ၂၀၃၀ ခုနှစ်တွင် အဆိုပါလုပ်ငန်းမှ ဒေသတစ်ခုလုံး၏ ထုတ်ကုန်တန်ဘိုးအားလုံး၏ (၆.၆) ရာခိုင်နှုန်း ဂျီဒီပီနှင့် ညီမျှသော အမေရိကန်ဒေါ်လာ (၁.၄) ထရီလီယံအထိ တိုးတက်ပါဝင်လာနိုင်မည်ဟု မျှော်မှန်းထားပါသည်။
မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် 5G ကွန်ရက်အတွက် ၂၀၁၉ ခုနှစ်မှစ၍ ယနေ့ အချိန်ထိ အမေရိကန်ဒေါ်လာ (၂၂၀) ဘီလီယံအထိ ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်ပြီး၊ ၂၀၃၀ခုနှစ်အထိ နောက်ထပ် အမေရိကန်ဒေါ်လာ (၂၅၄) ဘီလီယံအထိ ထပ်မံရင်းနှီးမြှုပ်နှံရန်မျှော်မှန်းထားကြသည်။ သို့ရာတွင် အထက်တွင်ဖော်ပြပြီးသကဲ့သို့ Spectrum ဈေးနှုန်းများမြင့်တက်လာမှုကြောင့် အော်ပရေတာများ၏ ဘတ်ဂျက်ကို ဆိုးရွားစွာ ထိခိုက်စေလျက်ရှိပြီး Spectrum၏ ကုန်ကျစရိတ်နှင့် ဝင်ငွေအချိုးမှာ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း သုံးဆမြင့်တက်လာခဲ့၍ ၂၀၁၄ ခုနှစ်အတွင်း ကုန်ကျစရိတ်နှင့် ဝင်ငွေအချိုးမှာ (၃) ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် (၉) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
GSMA အဖွဲ့ကြီးအနေဖြင့်လည်း အာရှပစိဖိတ်ဒေသတစ်ဝှမ်းလုံးတွင် နေထိုင်ကြသော လူဦးရေအားလုံး၏ (၄၈) ရာခိုင်းနှုန်းမှာ ယနေ့အထိ အင်တာနက်ကို လုံးဝချိတ်ဆက်နိုင်မှု မရှိသေးသည့်အခြေအနေကို အလေးပေးဖော်ပြလျက်ရှိပြီး ဒေသတွင်းဒီဂျစ်တယ်နည်းပညာကွာဟချက်ကို သတိပြုကြရန်နှိုးဆော်ခဲ့သည်။ ဆက်လက်၍ GSMAအကြီးအကဲက မိုဘိုင်းဆက်သွယ်ရေး ချိတ်ဆက်နိုင်မှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း၊ ဆန်းသစ်တီထွင်မှုတိုးတက်ခြင်း၊ အားလုံးညီတူ ညီမျှပါဝင်နိုင်စေခြင်းစသည့် မောင်းနှင်အားများအတွက် ဒီဂျစ်တယ်နည်းပညာဖြင့် အသွင်ကူးပြောင်းခြင်းကို အထောက်အကူပြုပေးသော ဓာတ်ကူပစ္စည်း အောက်ဆီဂျင်ကဲ့သို့ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး သွားနေသည့်အရှိန်အဟုန်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်ရန်မှာ လျင်မြန်မှန်ကန် သောဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်ခြင်း၊ Spectrum အား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရရှိရန်လိုအပ်ခြင်း၊ ခိုင်မာသော ငွေကြေးရင်းနှီးမြှုပ်နှံမှုများရှိရန် လိုအပ်ခြင်း နှင့် Online လိမ်လည်မှုနှင့် ဆိုက်ဘာခြိမ်းခြောက်မှုများကို စုပေါင်းကာကွယ်ဖြေရှင်းခြင်း စသည်တို့ လိုအပ်ကြောင်းပြောကြားခဲ့သည်။ GSMA အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်တွင် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများက အလုပ်အကိုင်အခွင့်အလမ်း (၁၆) သန်းကျော်ကို ဖန်တီးပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် (၁၁) သန်းမှာ တိုက်ရိုက်ရရှိသည့် အလုပ်များဖြစ်ပြီး ကျန် (၅) သန်းမှာ သွယ်ဝိုက်၍ ရရှိသော အလုပ်အကိုင်များဖြစ်ကြောင်း သိရှိရသည်။
ဝင်ငွေအနေဖြင့် မိုဘိုင်းဆက်သွယ်ရေးကဏ္ဍမှ Spectrum အခကြေးငွေများ၊ နှစ်စဉ်ကြေး အဖြစ် ပေးဆောင်ရသည့် အခကြေးငွေများမပါဝင်ဘဲ အစိုးရများမှ အခွန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၉၀ ဘီလီယံကျော် အထိ ရရှိခဲ့သည်။
အလားတူပင် တရုတ်နိုင်ငံတွင်လည်း မိုဘိုင်းဆက်သွယ်ရေးနည်းပညာများ တိုးတက်လာခြင်းနှင့် ဒီဂျစ်တယ်စနစ်များဖြင့် အသွင်ကူးပြောင်း၍ ဆောင်ရွက်လာနိုင်ခြင်းကြောင့် သက္ကရာဇ် ၂၀၃၀တွင် အဆိုပါကဏ္ဍမှ တရုတ်နိုင်ငံ၏ စီးပွားရေးကို အမေရိကန်ဒေါ်လာ (၂) ထရီလီယံ အထိထည့်ဝင်နိုင်မည် ဟု မျှော်မှန်းထားပြီး အဆိုပါ ငွေပမာဏမှာ တရုတ်နိုင်ငံတစ်ခုလုံး ဂျီဒီပီ၏ (၈.၃) ရာခိုင်နှုန်းအထိ ရှိလိမ့်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ 5Gနည်းပညာနှင့် ၎င်း 5G ဆက်စပ်နေသော ဂေဟစနစ် ကြောင့် အဆိုပါရရှိရန် မျှော်မှန်းထားသည့် အမေရိကန်ဒေါ်လာ (၂) ထရီလီယံမှာ စီးပွားရေးအရ အကျိုး သက်ရောက်မှုတွင် (၄၀) ရာခိုင်နှုန်းအထိပါဝင် မောင်းနှင်ရန် မျှော်မှန်းထားသော ကုန်ထုတ်လုပ်မှု ကဏ္ဍအပါအဝင် တရုတ်နိုင်ငံ၏ စီးပွားရေးထုတ်လုပ်မှုကဏ္ဍအားလုံးတွင် အကျိုးအမြတ် ရရှိလိမ့်မည် ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင် မိုဘိုင်းဆက်သွယ်ရေးနည်းပညာနှင့်ဝန်ဆောင်မှုများမှ အမေရိကန် ဒေါ်လာ (၁.၂) ထရီလီယံအထိ ရရှိခဲ့ပြီး တရုတ်တစ်နိုင်ငံလုံး ဂျီဒီပီ၏ (၆.၂) ရာခိုင်နှုန်း ရှိခဲ့သည်။
ဆက်သွယ်ရေးကဏ္ဍတစ်ခုလုံးက နေရာစုံတွင်လိုအပ်သလို ပေါင်းစပ်အသုံးပြုနိုင်မည့် ဉာဏ်ရည်တုနည်းပညာများကို အခြေခံထားသည့် ဖြေရှင်းနည်းများကို ဖော်ထုတ်ရရှိရန် တရုတ် ဆက်သွယ်ရေးအော်ပရေတာများက နောက်ဆုံးပေါ် 5Gနည်းပညာများနှင့် ဉာဏ်ရည်တု နည်းပညာ (AI) တို့ကိုပေါင်းစပ်ပေးခြင်းဖြင့် ဖြေရှင်းနည်းများကို ရရှိရန်ကြိုးစားလျက်ရှိကြသည်။ ထိုကဲ့သို့ တစ်နေ့တစ်ခြားတိုးတက်လာသော မိုဘိုင်းဆက်သွယ်ရေးနည်းပညာများကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးကဏ္ဍအားလုံးကို အကျိုးဖြစ်ထွန်းနေစဉ်မှာပင် ကုန်ထုတ်လုပ်မှုလုပ်ငန်းကဲ့သို့သော လုပ်ငန်းစုကြီးများ သည် 5G, AI နှင့် IOT အပါအဝင် နောက်ဆုံးပေါ် ဒီဂျစ်တယ် နည်းပညာများကို ပေါင်းစပ်အသုံး ပြုနိုင်သည့် အများတကာသာမန်တို့ထက်ပိုသော ယင်းတို့၏ စွမ်းပကားများဖြင့် နည်းပညာကို အားသာချက်အဖြစ်အသုံးချ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုတိုးတက် ထုတ်လုပ်လာနိုင်မည်ဟု မျှော်မှန်းထားကြပါသည်။
၂၀၂၄ခုနှစ်တွင် တရုတ်နိုင်ငံ၏ မိုဘိုင်းအင်တာနက်အသုံးပြုသူ အရေအတွက်မှာ (၁.၁၇) ဘီလီယံ (သိပ်သည်းဆအားဖြင့် (၈၀) ရာခိုင်နှုန်း) ရှိခဲ့ရာမှ ၂၀၃၀ ခုနှစ်တွင် မိုဘိုင်းအင်တာနက် အသုံးပြုသူ အရေအတွက် (၁.၂၂) ဘီလီယံ (သိပ်သည်းဆအားဖြင့် (၈၄) ရာခိုင်နှုန်း) အထိရှိလာမည်ဟု မျှော်မှန်းထားပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဆက်သွယ်ရေးကွန်ရက်များတိုးချဲ့ရန် ရင်းနှီးမြှုပ်နှံမှုအတွက် အထောက်အကူပြုသော အခြေအနေကောင်းများကို ဖန်တီးပေးရန် အစိုးရများအနေဖြင့် လိုအပ်သောနေရာများတွင် အစိုးရရန်ပုံငွေဖြင့် ထောက်ပံ့ပေးခြင်းဖြင့် ဆောင်ရွက်စေခြင်း၊ အခွန်အခဆိုင်ရာ မက်လုံးများပေးခြင်း၊ တည်ဆောက်ပြီး/တည်ဆောက်ဆဲဖြစ်သောလမ်းတံတား၊ မြေအောက်လှိုင်ခေါင်းများနှင့် လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အအုံများအပါအဝင် အခြေခံအဆောက်အအုံများအား မျှဝေသုံးစွဲခြင်းဆိုင်ရာ မူဝါဒများသတ်မှတ်ပေးခြင်း၊ ရေရှည်အတွက်ပါ ခိုင်မာစေမည့် ဈေးနှုန်းများပါ သတ်မှတ်ထားသော Spectrum Roadmaps များ ရေးဆွဲထားရှိခြင်းစသည်တို့ကို ဆောင်ရွက်ပေးရန် လိုအပ်ပြီး 5G စနစ် ရှင်သန်ကြီးထွားရေးနှင့် 6G စနစ်သို့ လွယ်ကူချောမွေ့စွာ ကူးပြောင်းနိုင်ရေးအတွက် ရှင်းလင်းသော Spectrum မဟာဗျူဟာများနှင့် ပြောင်းလွယ်ပြင်လွယ်ရှိသော ဥပဒေစည်းမျဉ်းစည်းကမ်းများ မရှိမဖြစ်လိုအပ်သည်ကို တွေ့ရှိရပေသည်။
ကိုးကား ။ http://www.rcrwireless.com/20250724/5g/5g-apac-gsma
GSMA’s Mobile Economy Asia Pacific 2025 report
မောင်စိုးယဉ်
