ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များအကြောင်း သိကောင်းစရာ
မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၁၃ ခုနှစ် အောက်တိုဘာလ၊ ၈ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေအား အတည်ပြုပြဌာန်းခဲ့ပြီး ဆက်စပ်နည်းဥပဒေများအား ပြဌာန်းခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၁၃ ခုနှစ် အောက်တိုဘာလ၊ ၈ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေအား အတည်ပြုပြဌာန်းခဲ့ပြီး ဆက်စပ်နည်းဥပဒေများအား ပြဌာန်းခဲ့ပြီးဖြစ်ပါသည်။
ဆက်သွယ်ရေးဥပဒေတွင် “ဆက်သွယ်ရေး (Telecommunications) ဆိုသည်မှာ သတင်းအချက်အလက်တစ်ရပ်ရပ်ကို ဝါယာကြိုး၊ ဖိုင်ဘာကြိုး သို့မဟုတ် အခြားသောလျှပ်ကူးကြိုးတစ်ခုခုကို အသုံးပြု၍သော်လည်းကောင်း၊ ရေဒီယိုလှိုင်း၊ အလင်းတန်း၊ အခြားသော လျှပ်စစ်သံလိုက်ဓာတ် ထုတ်လွှင့်သည့် နည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြု၍သော်လည်းကောင်း မူရင်းအတိုင်းဖြစ်စေ၊ ပြုပြင်၍ဖြစ်စေ ထုတ်လွှင့်ခြင်း သို့မဟုတ် ဖမ်းယူခြင်းကိုဆိုသည်။ " ဟု ပြဌာန်းထားပါသည်။
ပြဌာန်းပြီးဖြစ်သည့် ဆက်သွယ်ရေးဥပဒေအရ ဆက်သွယ်ရေးလွယ်ကူချောမွေ့စေရေး နိုင်ငံတစ်ဝှမ်း မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်နိုင်မည့် လိုင်စင်များအာ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးအော်ပရေတာများအား ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ လိုင်စင်သည် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်၊ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှင့် အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်တို့အရ ခွင့်ပြုထားသော လုပ်ငန်းများအားလုံးအား ဆောင်ရွက်ခွင့်ရှိသည့်အပြင် ရှားပါးအရင်းအမြစ်ဖြစ်သည့် လှိုင်းနှုန်းစဉ်အား အသုံးပြု၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ပါသည်။ မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူများအဆင်ပြေစေရန်နှင့် ဆက်သွယ်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတစ်ဝှမ်း မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် (၄) ခုသာ ပေးအပ်ခဲ့ပြီး အခြားဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အမျိုးအစားများကို ယခုအချိန်ထိ ပြည်တွင်းပြည်ပကုမ္ပဏီ (၂၈၀) အား ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အမျိုးအစားများ
အတည်ပြုပြဌာန်းပြီးသော ဆက်သွယ်ရေးဥပဒေနှင့်နည်းဥပဒေများအရ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လိုသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားအလိုက် ခွင့်ပြုချက်နှင့် လုပ်ငန်းလိုင်စင် ရယူမည်ဖြစ်ပြီး ရယူမည့် လိုင်စင်အမျိုးအစား(၄)မျိုး ခွင့်ပြုပေးလျက်ရှိရာ လိုင်စင်အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က)ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်- အထူး
(ခ)ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်- သာမန်
(ဂ)ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်
(ဃ)အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်
မိမိဆောင်ရွက်လိုသည့် လုပ်ငန်းသည် မြေပြင်အခြေစိုက်လိုင်းထုတ်လွှင့်မှု (Terrestrial Fixed Line Transmission) အထောက်အကူပြုပစ္စည်းများ၊ မြေပြင်အခြေစိုက်ရေဒီယိုထုတ်လွှင့်မှု (Terrestrial Radio Transmission) အထောက်အကူပြုပစ္စည်းများ၊ မိုဘိုင်းအခြေစိုက်စခန်း အထောက်အကူပြုပစ္စည်းများ၊ ရေအောက်ကေဘယ်လ် (Cable) အထောက်အကူပြုပစ္စည်းများ၊ အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက်လုပ်ငန်း အထောက်အကူပြုပစ္စည်းများ၊ ဂြိုလ်တုမြေပြင်စခန်းအထောက်အကူပြုပစ္စည်းများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ထုတ်လွှင့်နိုင်စွမ်းကို ထောက်ပံ့ပေးသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တည်ရှိသည့် ဂြိုလ်တုအထောက်အကူပြု အခြားပစ္စည်းများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ အဆိုပါ ပစ္စည်းများကို အသုံးပြု၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းတို့ဖြစ်ပါက ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်- အထူး ရယူရမည်ဖြစ်ပါသည်။
ထို့ပြင် အခြားဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူများဖြစ်သည့် အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှင့် ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူများအား ကွန်ရက်ပမာဏ (network capacity) အားလုံး သို့မဟုတ် အစိတ်အပိုင်းကို ငှားရမ်းခြင်းနှင့် အများပြည်သူဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိကဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလိုပါကလည်း ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-အထူးအား ရယူရမည်ဖြစ်ပါသည်။
ဥပမာအားဖြင့် ယနေ့ခေတ်ဆောင်ရွက်နေသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ဖိုင်ဘာကေဘယ်ကို အသုံးပြု၍ အင်တာနက်ဝန်ဆောင်မှုပေးခြင်း (FTTX) လုပ်ငန်း၊ ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-အထူး ရယူရမည်။
မိမိဆောင်ရွက်လိုသည့်လုပ်ငန်းသည် ဆက်သွယ်ရေးကွန်ရက် အခြေခံအဆောက်အအုံ (Passive Telecommunications Network Infrastructure) များဖြစ်သည့် တာဝါများ၊ ဆက်သွယ်ရေးအချက်ပြမှုများ၊ ထုတ်လွှင့်ဖမ်းယူမှုများအတွက် အသုံးပြုသည့်တိုင်များ (Masts)၊ ပိုက်လုံးများ၊ ကျင်းများ၊ တိုင်များ(Poles)၊ ဒါ့ခ်ဖိုင်ဘာကြိုးများ (Dark Fibre) များကို တည်ဆောက်ခြင်း၊ အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းနှင့် ယင်းအခြေခံအဆောက်အအုံကို ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-အထူး (Individual) ရရှိသူများနှင့် အခြားလိုင်စင်ရရှိသူများအား ဌားရမ်းခြင်းတို့ကို ဆောင်ရွက်မည်ဆိုပါက ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-သာမန်အား ရယူရမည်ဖြစ်ပါသည်။
သို့ရာတွင် အဆိုပါ ဆက်သွယ်ရေးကွန်ရက် အခြေခံအဆောက်အအုံ (Passive Telecom- munications Network Infrastructure) များအား တည်ဆောက်ပြီးနောက် ဆက်သွယ်ရေးအော်ပရေတာများ၊ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-အထူး ရရှိသူများနှင့် အခြားဆက်သွယ်ရေးဝန်ဆောင်မှုဆောင်ရွက်နေသည့် ကုမ္ပဏီများသို့ ငှားရမ်းခြင်းကို ဆောင်ရွက်လိုသည့် ရင်းနှီးမြှပ်နှံသူကုမ္ပဏီများအနေဖြင့် ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-သာမန်အား တစ်ဆင့်ခံဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်- သာမန်အား ရယူရန် မလိုအပ်ပါ။
မိမိဆောင်ရွက်လိုသည့်လုပ်ငန်းသည် အပြည်ပြည်ဆိုင်ရာထုတ်လွှင့်မှုပမာဏကို ငှားရမ်းရန် လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ နံပါတ်များကို ရယူသုံးစွဲရန် လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဖြစ်ပြီး ဝါယာလိုင်းချိတ်ဆက်မှု ပြန်လည်ရောင်းချခြင်း (Resell) ဝန်ဆောင်မှုများ၊ အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းကွန်ရက်သယ်ယူပို့ဆောင်ရေး(Transport)နှင့် ဆွီချင် (Switching) ဝန်ဆောင်မှုများ၊ အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက်လုပ်ငန်း ပြန်လည်ရောင်းချခြင်း ဝန်ဆောင်မှုများဖြစ်ပါက ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အား ရယူရမည် ဖြစ်ပါသည်။
ဥပမာအားဖြင့် ဖုန်းနံပါတ်သတ်မှတ်၍ အင်တာနက်အသုံးပြု ဖုန်းခေါ်ဆိုရသော ဝန်ဆောင်မှုဖြစ်သည့် {Voice Over IP(VOIP)} လုပ်ငန်းအား ဆောင်ရွက်မည်ဆိုပါက ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အားရယူ၍ ဆက်သွယ်ရေးနံပါတ်အသုံးပြုခွင့် ရယူလျှောက်ထားရမည်ဖြစ်ပါသည်။ ကွန်ရက်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိသူများအနေဖြင့် ဆက်သွယ်ရေးနံပါတ် အသုံးပြုသောလုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိသော်လည်း ရှားပါးအရင်းအမြစ်ဖြစ်သည့် လှိုင်းနှုန်းစဉ်အသုံးပြုသောလုပ်ငန်းများ ဆောင်ရွက်ခွင့်မပြုပါ။
ထို့ပြင် ဝန်ဆောင်မှုများအား ဖြည့်ဆည်းပေးရန် လိုအပ်သည့် ဆွစ်ချ်ခလုတ်များ၊ ရောက်တာ (Router)များနှင့် လုပ်ငန်းသုံးပစ္စည်းများမှအပ ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြုပစ္စည်းများကို ဆောက်လုပ်ခွင့်၊ ထိန်းသိမ်းခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်မရှိသည့်အတွက် လုပ်ငန်းအတွက် လိုအပ့်သည့် ဖိုင်ဘာလမ်းကြောင်းများ ချခင်းခြင်း၊ တိုင်များ (Masts)၊ ပိုက်လုံးများ၊ ကျင်းများ၊ တိုင်များ (Poles)၊ ဒါ့ခ်ဖိုင်ဘာကြိုးများ (Dark Fibre) များကို ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-အထူးနှင့် သာမန်ရရှိသူများထံမှ ရယူသုံးစွဲရမည်ဖြစ်ပါသည်။
မိမိဆောင်ရွက်လိုသည့်လုပ်ငန်းသည် အများပြည်သူ အခပေးတယ်လီဖုန်းဝန်ဆောင်မှု (public Payphone Services) ၊ အများပြည်သူ ဆွစ်ချ်ဒေတာ (Switch Data ) ဝန်ဆောင်မှု၊ ရွေးချယ်မှုကို အခြေခံဖြည့်ဆည်းပေးသော (Audiotext Hosting) ဝန်ဆောင်မှု၊ တယ်လီဖုန်း လမ်းညွှန်စာအုပ်ဝန်ဆောင်မှု၊ အင်တာနက်ဝန်ဆောင်မှုပေးသူ၏ ဝန်ဆောင်မှု၊ အများပြည်သူသုံး အင်တာနက်(PAC) ဝန်ဆောင်မှု၊ သတင်းပေးပို့မှု ဝန်ဆောင်မှု(Messaginf Services)၊ ပုဂ္ဂလိက ကြိုးဖုန်းအသံ သို့မဟုတ် ဒေတာ (Voice/Data) ဝန်ဆောင်မှု၊ ထပ်ဆောင်း(Value-added) ဝန်ဆောင်မှုများ ဖြစ်ပါက အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အား ရယူရမည်ဖြစ်ပါသည်။
ဥပမာအားဖြင့် တယ်လီဖုန်းသုံးစွဲသူများ ဖုန်းခေါ်ဆိုပါက မိမိနှစ်သက်သော ဂီတသံကြားစေသည့် ဝန်ဆောင်မှု၊ ဘောလုံးပွဲ၊ ဗေဒင်၊ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များအား ပေးပို့ဝန်ဆောင်မှုပေးခြင်း၊ ပြည်တွင်းမှ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလိုင်စင်-အထူးနှင့် ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူများထံမှ အင်တာနက်ထုတ်လွှင့်မှုပမာဏ (Transmission Capacity) ကို ရယူ၍ အသုံးပြုသူ (End User) များကို အင်တာနက်ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လိုပါက အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အား ရယူရမည် ဖြစ်ပါသည်။
ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူများကဲ့သို့ပင် အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိထားသူများသည်လည်း ဝန်ဆောင်မှုများအား ဖြည့်ဆည်းပေးရန်လိုအပ်သည့် ဆွဒ်(ချ်)များ၊ ရောက်တာ (Router) များနှင့် လုပ်ငန်းသုံးပစ္စည်းများမှအပ ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြုပစ္စည်းများနှင့် အခြေခံအဆောက်အအုံများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ခွင့်မရှိသည့်အတွက် ဆက်သွယ်ရေးကွန်ရက် အခြေခံအဆောက်အအုံ(Passive Telecommunications Network Infrastructure) များအား ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-အထူးနှင့် သာမန်ရရှိသူများထံမှ ဌားရမ်းသုံးစွဲရမည်ဖြစ်ပါသည်။ ထို့ပြင် အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိသူများသည် တယ်လီဖုန်းနံပါတ်များ သို့မဟုတ် ရှားပါးသော အရင်းအမြစ်ဖြစ်သည့် လှိုင်းနှုန်းစဉ်များကို အသုံးပြုခွင့်မရှိပါ။
အပြည်ပြည်ဆိုင်ရာပင်မဝင်ပေါက် ထွက်ပေါက်လုပ်ငန်းဟူသည်
နိုင်ငံတကာမှ ရယူထားသည့် International Bandwidth Capacity အား နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု ဆောင်ရွက်လိုပါက အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက်လုပ်ငန်းလိုင်စင် ရယူလျှောက်ထားရမည်ဖြစ်ပါသည်။
၂၀၁၄ ခုနှစ် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေတွင် “အပြည်ပြည်ဆိုင်ရာပင်မ ဝင်ပေါက်ထွက်ပေါက်လုပ်ငန်းဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ပြည်ပချိတ်ဆက်မှုနေရာများအကြား အပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှုနှင့် ချိတ်ဆက်မှုတို့ကိုရရှိစေနိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှု ဖြည့်ဆည်းပေးရန်အတွက် ကွန်ရက်အထောက်အကူပြု ပစ္စည်းတစ်ခုအား တည်ဆောက်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းကို ဆိုသည်။” ဟု ဖွင့်ဆိုထားပါသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာဆက်သွယ်ခေါ်ဆိုမှု၊ ချိတ်ဆက်မှုတို့အတွက် အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုပါက ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်- အထူး ရရှိသူများအနေဖြင့် လုပ်ငန်းအသစ်ဖြည့်စွက် ဆောင်ရွက်ခွင့်အနေဖြင့် ထပ်မံလျှောက်ထားရမည် ဖြစ်ပါသည်။
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များ၏ သက်တမ်းနှင့် သက်တမ်းတိုးမြှင့်ခြင်း
၂၀၁၄ ခုနှစ် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေအရ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်များအားလုံး၏ လိုင်စင်စက်တမ်းအား အနည်းဆုံးငါးနှစ်မှ အများဆုံး အနှစ် ၂၀ အထိ သတ်မှတ်နိုင်ကြောင်း ပြဌာန်းထားပြီး မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအပါအဝင် လိုင်စင်ရရှိသူအားလုံးအား သက်တမ်း ၁၅ နှစ် ခွင့်ပြုလျက်ရှိပြီး သက်တမ်းတိုးမြှင့်လိုပါက လိုင်စင်သက်တမ်းမကုန်မီ ၂၄ လ ထက်မစော၊ ၁၂ လထက်နောက်မကျဘဲ တိုးမြှင့်ခွင့်လျှောက်ထားနိုင်ပါသည်။
သို့ဖြစ်ပါ၍ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် မိမိဆောင်ရွက်လိုသည့် လုပ်ငန်းအမျိုးအစားအလိုက် ရယူလျှောက်ထားရမည့် လိုင်စင်အမျိုးအစားများအား သိရှိနိုင်စေရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက လိုင်စင်ရယူမည်ကို သိလျက်နှင့်ဖြစ်စေ၊ မသိသည့်အတွက်ဖြစ်စေ သက်ဆိုင်ရာလိုင်စင်ရယူခြင်းမရှိဘဲ မဆောင်ရွက်မိစေရန်နှင့် ဆောင်ရွက်မိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၅) အပါအဝင် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူခံရနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။မောင်ကောင်းချစ်(ဆညန)
