ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
← ဆောင်းပါးများ

အနာဂတ် ICT

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးသည် အချိန်နှင့်အမျှ ဖြစ်ပွားလျက်ရှိနေရာ ကျရောက်လာမည့် ဘေးအန္တရာယ်စိန်ခေါ်မှုများကို တတ်စွမ်းသမျှ လျော့ပါးသက်သာစေရန် ၂၁ ရာစုတွင် လူသားမျိုးနွယ်တို့သည် သက်ဆိုင်ရာကဏ္ဍအလိုက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိ

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးသည် အချိန်နှင့်အမျှ ဖြစ်ပွားလျက်ရှိနေရာ ကျရောက်လာမည့် ဘေးအန္တရာယ်စိန်ခေါ်မှုများကို တတ်စွမ်းသမျှ လျော့ပါးသက်သာစေရန် ၂၁ ရာစုတွင် လူသားမျိုးနွယ်တို့သည် သက်ဆိုင်ရာကဏ္ဍအလိုက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (Research and Development) နှင့် ခေတ်မီနည်းပညာများပြန့်ပွားရေး (Extension) ကို နည်းမျိုးစုံဖြင့် ကြိုးပမ်းအားထုတ်လျက်ရှိနေကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်မှ စီးပွားရေးဦးတည်ချက်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” အား လမ်းညွှန်ချမှတ်ခဲ့သည့်အတွက် စိုက်ပျိုးမွေးမြူရေးကို ခေတ်မီ နည်းစနစ်များဖြင့် တိုးတက်အောင်တည်ဆောက်မှသာ အနာဂတ်တွင် တိုင်းပြည်သာယာဝ ပြောပြီး စားနပ်ရိက္ခာဖူလုံလာမည်ဖြစ်သည်။

နိုင်ငံတော်တွင် စိုက်ပျိုးမွေးမြူရေးတိုးတက်အောင် ဆောင်ရွက်ရာ၌ တည်ငြိမ်မှုရှိ၍ ရေရှည်ခိုင်မြဲသည့် စိုက်ပျိုးမွေးမြူရေးပုံစံအဖြစ် လယ်ယာအခြေခံသည့်စက်မှုလုပ်ငန်း (Agro-based Industry) စီမံတည်ဆောက်ရန်မှာလည်း အထူးပင်အရေးကြီးပေသည်။ ပြည်တွင်းတွင် ရွှေ့ ပြောင်းအခြေချလာခြင်းနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်လာခြင်းတို့သည် စိုက်ပျိုးမွေးမြူရေးအပေါ် လယ်ယာလုပ်ကိုင်ဆောင်ရွက်မည့် လယ်လုပ်သားအရေအတွက် သိသိသာသာကျဆင်းလာပြီး စိုက်ပျိုးမွေးမြူရေးမြေဧရိယာ အကန့်အသတ်ဖြစ်လာခြင်းကြောင့် တည်ငြိမ်၍ ရေရှည်ခိုင်မြဲရန် အခက်အခဲဖြစ်လာမည်။ အကျိုးဆက်အားဖြင့် စက်မှုကုန်ထုတ်အပိုင်းတွင် ဆက်စပ်ကျဆင်းလာမည်ဖြစ်ပြီး တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် အနာဂတ်အလားအလာမှာ စိတ်မချနိုင်စရာဖြစ်စေမည်။

ကမ္ဘာ့နိုင်ငံအသီးသီး၏ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ (Information, Communications and Technology - ICT) သည် အနာဂတ်လူ့အသိုက်အဝန်းအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှု နှစ်ရပ်စလုံးကို ဟန်ချက်ညီမျှစေရန် အားပေးတည်ဆောက်ကြရာတွင် စိုက်ပျိုးမွေးမြူရေး၏ ခေတ်မီ ICT နည်းစနစ်ကို ပေါင်းစည်း ဖော်ဆောင်မှုမှာလည်း အဓိကကျသည့် အခန်းကဏ္ဍ၌ ပါဝင်နေသည်။

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးနိုင်သော မြေဧရိယာစုစုပေါင်းမှာ ဟက်တာ (၁၈.၃) သန်းခန့် ရှိသော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် ပြင်းထန်သော ရာသီဥတုအခြေအနေများကို အကြီးအကျယ်ခံစားရသည့်နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကို ခေတ်မီ ICT နည်းစနစ်အား အသုံးချ၍ ပေါင်းစပ်ဆောင်ရွက်သင့်သည်။

မိရိုးဖလာစိုက်ပျိုးမွေးမြူရေးတွင် သက်ဆိုင်သောစိန်ခေါ်မှု (၅) ရပ်ရှိပြီး ခေတ်မီ ICT နည်းစနစ် စိုက်ပျိုးမွေးမြူရေးဆိုသည်မှာ နည်းလမ်းအသစ်တစ်ခုမဟုတ်ဘဲ မိရိုးဖလာစိန်ခေါ်မှုများကို တုန့်ပြန်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးအချက်အလက်ဒေတာများနှင့် နည်းစနစ်များ ပေါင်းစပ်ဆောင်ရွက်ခြင်း (Agricultural Information Technology) အား အခြေခံစီမံရေးဆွဲသော Use of Data and Program ၊ Provision of Data and Program နှင့် Data Sharing Program များဖြစ်ပြီး ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းစနစ်၏ လူသားနေရာ တွင် အစားထိုးသောစက်ရုပ်များ (Industrial Robotics) နှင့် အသိပညာဉာဏ်ရည်တုများ (Artificial Intelligence) အစရှိသည့် ဒီဂျစ်တယ်နည်းပညာအသုံးချမှုအပိုင်းကို အသွင်ပြောင်းလဲဖော်ဆောင်ခြင်းဖြစ်သည်။

လုပ်သားရှားပါးလာမှုများ

မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးပေါ်တွင် မှီတည်နေသဖြင့် လယ်ယာကဏ္ဍတွင် ပါဝင်လုပ်ကိုင်နေသော လုပ်သားလိုအပ်ချက်မှာ အမှန်တကယ်ကြီးမားပြီး ရာသီအလိုက် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းတို့အတွက် အချိန်မီဆောင်ရွက်ရေး လုပ်သားအင်အားရှားပါးသည့်အခါ စိုက်ပျိုးရေးအပေါ် ကူညီဆောင်ရွက်ရန် အခြားအသေးစားလယ်ယာသုံးစက်ရုပ်တွေကို အစားထိုးအသုံးချသည့် နည်းလမ်းကို ချဲ့ထွင်လုပ်ဆောင်ရန် လိုအပ်စေမည်။

စီးပွားဖြစ် လယ်ယာကဏ္ဍတွင် Farm Robotics & Automation နည်းပညာ သည် အင်တာနက် ဆက်သွယ်ရေးဖြင့် ထိန်းချုပ်စေခိုင်းခြင်းဖြစ်ပြီး လုပ်သားလိုအပ်ချက်ကို လျော့နည်းစေသည်။

ထို့အပြင် အလုပ်ချိန်နှင့်လုပ်အားခကို များစွာသက်သာစေမည့်အပြင် စိုက်ပျိုးရိတ်သိမ်းမှု စွမ်းဆောင်ရည်ကို တိုးမြှင့်စေပြီး အဝေးအမြင်အာရုံဖြင့် လုပ်သားအစားထိုးစက်ရုပ်၏ ရွေ့ လျားသွားလာမှုကို ထိန်းချုပ်စီမံခန့်ခွဲနိုင်သည်။ နိစ္စဓူဝ လယ်ယာလုပ်ငန်းဆောင်တာများ အပေါ် ဆက်သွယ်ရေးကွန်ရက် (Neural Network) ၊ အဆင့်မြင့်ကင်မရာနှင့် အာရုံခံ ကိရိယာ (Advanced Cameras and Sensors) နှင့် အရည်အသွေးမြင့်ဘတ္ထရီ (Improved Battery) တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အဆင့်မြင့် လယ်ယာလုပ်သားအစားထိုးသည့် နည်းပညာ ဖြေရှင်းချက်တစ်ခုပင်ဖြစ်သည်။

မွေးမြူရေးတိရိစ္ဆာန် သေဆုံးလျော့ပါးလာမှုများ

မွေးမြူရေးတိရိစ္ဆာန်များအတွက် နောက်ကြောင်းပြန်ခြေရာခံစနစ် (Traceability System) သည် မွေးမြူရေးတိရိစ္ဆာန်များ ၏ အပူချိန်၊ လှုပ်ရှားမှုနှင့် အစာကျွေးချိန်တို့ကို သိရှိရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရန် ပိုမိုအထောက်အကူဖြစ်စေသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ခုမှာ တိရိစ္ဆာန်ထွက်ကုန်များဖြစ်သော နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသားလိုအပ်ချက်များ များလာခြင်းဖြစ်သည်။ အစားအစာဖူလုံရန်အတွက် ထုတ်လုပ်မှုတိုးတက်ရန်သာမက ထုတ်လုပ်မှုကို ရေရှည်တိုးတက်ရရှိသည့်အပေါ်မှီတည်နေသည်။ အနာဂတ်မျိုးဆက်သစ်များအတွက် အစားအစာဖူလုံမှုရရှိစေရန် မွေးမြူရေးတိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရန်လိုအပ်လာသည့်အပြင် ရာသီဥတုပြင်းထန်မှုကြောင့် အချိန်မတိုင်မီ သေဆုံးလေ့လွင်မှုကို နည်းပါးအောင်ဆောင်ရွက်ရန် လိုအပ်စေမည်။

မွေးမြူရေးတိရိစ္ဆာန်များ၏ အချက်အလက်များ ထည့်သွင်းထားသော မိုက်ခရိုချစ်ပ် (Microchip) ပါဝင်သည့် အီလက်ထရောနစ်ကြိုးမဲ့နားဆွဲ (Electronic Ear Tag) ကို တပ် ဆင်၍ တိုက်ရိုက်စီမံခန့်ခွဲမှု (Livestock Management) ပြုလုပ်ဆောင်ရွက်သည်။ အဓိက အားသာချက်မှာ အခြားသော မှတ်တမ်းရယူခြင်းနည်းလမ်းများထက် မွေးမြူရေးတိရိစ္ဆာန် များ၏ အချက်အလက်များကို Cloud Database ဖြင့် ရေရှည်သိမ်းဆည်းရန် ရိုးရှင်းသော၊ ကုန်ကျစရိတ်သက်သာသော၊ ယုံကြည်စိတ်ချရသော၊ ရောဂါကုသရာတွင် အထောက်အပံ့ ရရှိသော၊ လယ်ယာလုပ်သားကိုယ်စားလုပ်ဆောင်သော အင်တာနက်အခြေပြု ဆက်သွယ်ရေး ဖြေရှင်းချက်နည်းလမ်းတစ်ခုပင်ဖြစ်သည်။

မြေဆီလွှာပျက်ဆီးဆုံးရှုံးလာမှုများ

ကမ္ဘာကြီး၏ အပူချိန်သည် တိုးလာနေပြီး နောင်အနာဂတ်တွင် ရာသီဥတုပြောင်းလဲလာမှု ကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ ဆားပေါက်ခြင်းနှင့် ဂေဟစနစ်တစ်ခုလုံး တုန်လှုပ်စရာများ ဖြစ်ပွားလာခြင်းသည် ဇီဝဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနှင့် ရုပ်ဂုဏ်သတ္တိ များရှိသော မြေဆီလွှာအပေါ် စိန်ခေါ်ရိုက်ခတ်မှုများရှိလာမည်ဖြစ်၍ မြေဆီလွှာသည် အပင် နှင့်တိရိစ္ဆာန်များ ရှင်သန်ကြီးထွားရန် အထောက်အပံ့ပေးသော အရင်းအမြစ်ဖြစ်သည့်အ တွက် လစ်လျူမရှုသင့်ဘဲ ပြန်လည်ထိန်းသိမ်းရန် လိုအပ်စေမည်။

ရေရှည်တည်တံ့သည့် စိုက်ပျိုးမြေအတွက် မြေဆီလွှာစောင့်ကြည့်ခြင်း(Soil-monitoring) နှင့်မြေပုံထုတ်ခြင်း (Soil-mapping) တို့သည် ဂေဟစနစ်၏ဒေတာကို အခြေခံသော (Data -driven) နည်းလမ်းဖြင့် ဇီဝဖြစ်စဉ်များနှင့် ရာသီဥတုပြောင်းလဲမှုနှင့်အလိုက်သင့်ဆောင်ရွက်ခြင်းနှင့် လျော့ကျခြင်းတို့ပါဝင်သည်။

အီလက်ထရောနစ်အာရုံခံကိရိယာ (Electronics Soil Sensors) သည် မြေဆီလွှာဖွဲ့စည်းပုံကို တိကျစွာစစ်ဆေးမှတ်သား၍ အခြေခံသိပ္ပံသုတေသနအတွက် မြေဆီလွှာ၏ ပါဝင်ဖွဲ့စည်းမှုနှင့် ရူပ၊ ဓာတုဂုဏ်သတ္တိများ၊ အပူချိန်နှင့်ပေါက်ရောက်သော အပင်အစရှိသည့် အကြောင်းအရာများကို အထောက်အကူပြုရှာဖွေပေးသည်။ နောက်ဆုံးတွင် မြေဆီလွှာသိပ္ပံ ပညာရှင်တို့သည် ဓာတ်မြေဩဇာ၊ အော်ဂဲနစ်ပစ္စည်းနှင့် ကာဗွန်ပေါင်းစပ်ကာ မြေဆီလွှာ ပြန်လည်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်းသည် သမရိုးကျစနစ်ကြောင့် ယိုယွင်းပျက်စီးနေသော မြေဆီလွှာကို ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိသည့် နည်းပညာတစ်ခုပင် ဖြစ်သည်။

မြေဧရိယာမလုံလောက်လာမှုများ

ကမ္ဘာကြီးတွင် မြို့ပြလူနေမှုများ အရှိန်အဟုန်ဖြင့် အဆက်မပြတ် ကြီးထွားလာခြင်းသည် လယ်ယာစိုက်ပျိုးမြေဧရိယာတွင် ကန့်သတ်ချက်များရှိလာပြီး လယ်သမားများ၏ ပန်းတိုင်နှင့်မြေအရင်းအမြစ်သုံးစွဲရာတွင် ထိရောက်မှုသည် အကျိုးအမြတ်ရှိသော ထုတ်လုပ်မှုအတွက် လိုအပ်စေမည်။

၂၀၅၀ ပြည့်နှစ်တွင် သန်း ၉၀၀၀ ရှိလာမည့် ကမ္ဘာ့လူဦးရေအား အစားအစာဖြည့်ဆည်းပေး ရန်အတွက် လာမည့်ဆယ်စုနှစ် ၃ နှစ်အတွင်း ထုတ်လုပ်မှုသည် ၆၀ ရာခိုင်နှုန်းတိုးတက်ရရှိ ရန် စိုက်ပျိုးမြေဧရိယာ များစွာလိုအပ်မှုကို လျော့ချပေးရေး ခေတ်မီနည်းစနစ်ကို အကျိုးရှိ စွာ အသုံးချခြင်းဖြင့် ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်ကို လျော့ချနိုင်မည်ဖြစ်သည်။ သီးနှံ အထွက်နှုန်းကို လေ့လာတွက်ချက်သော ဉာဏ်ရည်တုနည်းပညာ (AI-based Algorithm) သည် ဧရိယာတစ်ခုချင်းကို စနစ်တကျ လေ့လာပျိုးထောင်နိုင်သည့်အတွက် မြေလှပ်ထား သော ဧရိယာလျော့နည်းစေ၍ အထွက်နှုန်းတိုးတက် မြင့်မားလာမည်ဖြစ်သည်။ အဆိုပါ နည်းပညာတွင် Hyper-spectral ခေါ် ရောင်စဉ်အမြင်ကို အခြေခံ၍ ရွေ့လျားနေသော လယ်ယာသုံးစက်ကိရိယာ၏ တစ်ဖက်တစ်ချက်စီတွင် တပ်ဆင်ထားသော Light Detection and Ranging-LiDAR 3D System (Global Navigation Satellite System-GNSS receiver) အာရုံခံကိရိယာများသည် သီးနှံပင်များကို 2 Dimensions ဖြင့် စကန်ဖတ်ခြင်းကြောင့် သီးနှံပင်၏ထိပ်ဖျားအထိ အထွက်နှုန်းနှင့်အရွယ်အစားကို တွက်ချက်နိုင်ပြီး မြေဧရိယာလိုအပ်ချက်အပေါ် ဆုံးဖြတ်ပေးနိုင်သည်။ မြေမှ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာခြင်းက လယ်သမားတို့အတွက် မြေဧရိယာပိုမိုရရှိစေနိုင်သော နည်းပညာတစ်ခုပင် ဖြစ်သည်။

ရေအရင်းအမြစ်ရှားပါးလာမှုများ

မြန်မာနိုင်ငံသည် မိုးဦးနှင့်မိုးလယ်ကာလများအတွင်း မိုးရွာသွန်းမှုပမာဏ လျော့နည်းတတ် ပြီး မုတ်သုန်ဝင်ရောက်မှုမှာ နောက်ကျ၍ မုတ်သုန်ဆုတ်ခွာချိန်မှာ စောလာသည်။ မိုးရာသီကာလာမှာလည်း တိုတောင်းလာသည်။ ယေဘုယျအားဖြင့် မိုးရေချိန်သည် မေလတွင် ၂၀၀ မီလီမီတာ၊ စက်တင်ဘာလတွင် ၃၀၀ မီလီမီတာနှင့်အထက် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ် လများတွင် ၄၀၀ မီလီမီတာခန့်သာ ရရှိကြောင်း တွေ့ရှိရသည့်အတွက် ရေချွေတာရမည့် သွင်းရေနည်းလမ်းများကို လေ့ကျင့်ပေးရန် လိုအပ်စေမည်။

သွင်းရေပမာဏ ချွေတာခြင်းသည်ပတ်ဝန်းကျင်မီသိန်းဓာတ်ငွေ့ထွက်ရှိမှုကို လျော့ကျစေခြင်း၊ မြေအောက်ရေထုတ်ယူမှုကို လျော့ကျစေခြင်းနှင့် ရေထုတ်ယူရန်လိုအပ်သော စွမ်းအင် (ဒီဇယ်) လျော့ကျစေခြင်းတို့ကြောင့် ရေသွင်းစနစ်ရွေးချယ်မှုသည် အရေးကြီးသည်။ စိုက်ပျိုးရေးတွင် အမှန်တကယ် ရေလိုအပ်ချက်ကို မသိရှိက အထွက်နှုန်းလျော့နည်း၍ တစ်ခါတစ်ရံ လုံးဝဆုံးရှုံးစေမည်။ အပင်တစ်ပင်၏ အမြစ်စနစ်သည် အဟာရများကို များများစားစားစုပ်ယူနိုင်သည်။ အပင်တစ်ပင်၏ တစ်သျှူးများမှတစ်ဆင့် ရေအဟာရ လိုအပ်ချက် (Irrigation-fertilization Cycle) ကို ဆန်းစစ်ပြီး ရေလိုအပ်ချက်ကို ခေတ်မီ Smart-sensor to Cloud-stored Data နည်းစနစ်ဖြင့် လူအကူအညီမပါဘဲ စိုက်ပျိုးဇုန် အလိုက် အလှည့်ကျ ဆက်သွယ်ရေးအခြေပြု အလိုအလျောက် ရေထုတ်လွှတ်မှုစနစ် (Automated Water Release System) ကို လုပ်ဆောင်ခြင်းမှ ရေသုံးစွဲမှုကို ချွေတာနိုင် မည့် နည်းပညာတစ်ခုပင်ဖြစ်သည်။

မျက်မှောက်ခေတ် ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှုသည် မြင့်တက်လာခဲ့သော်လည်း ကမ္ဘာ့လူဦးရေတိုးပွားလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် မျိုးဆက်သစ်များအတွက် စားနပ်ရိက္ခာလိုအပ်ချက် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာ ICT အား အသုံးချသော ဆန်းသစ်သည့် နည်းစနစ်များကို လက်ခံကျင့်သုံးနိုင်မည်ဆိုက စိုက်ပျိုးမွေးမြူရေး၏ အနာဂတ်သည် ပိုမိုအကျိုးရှိစေမည်ဖြစ်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း ဗဟုသုတရနိုင်ရန် ရေးသားလိုက်ခြင်းဖြစ်ပါသည်။

ကိုးကား။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် Open Access Government တွင် ဖော်ပြထားသည့် ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) ဝန်ကြီး Mr. Taku Eto ၏ ဆောင်းပါးကို မှီငြမ်းပါသည်။

ညီနောင်(ဆညန)