မြန်မာနိုင်ငံ၏ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးကဏ္ဍအကြောင်းတစေ့တစောင်း
(Universal Service Obligation in Myanmar)
(Universal Service Obligation in Myanmar)
အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဟုဆိုရာဝယ် မြန်မာနိုင်ငံအတွင်း
နေရာဒေသမရွေး လူတိုင်းနီးပါး ဆက်သွယ်ရေးဝန်ဆောင်မှုများကို ကျယ်ပြန့်စွာ အသုံးပြုနိုင်စေရေးအတွက် အခြေခံဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသည့်နယ်မြေဒေသများ (Underserved Area) တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများရရှိနိုင်ရန် အခြေခံဆက်သွယ်ရေးအဆောက်အအုံများဖြစ်သည့် ဆက်သွယ်ရေးတာဝါတိုင်နှင့် ရေဒီယိုစခန်းများ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေးဖိုင်ဘာကေဘယ်များ ချခင်းခြင်းတို့အား အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးဆိုင်ရာရန်ပုံငွေ (USF) အထောက်အပံ့ဖြင့် ဖြည့်ဆည်းဆောင်ရွက်စေခြင်းဖြစ်ပါသည်။ တယ်လီဖုန်းဆက်သွယ်ရေးစနစ်သည် ယနေ့ခေတ် အချိန်အခါ၌ လူတိုင်း၏ လူမှုစီးပွားဘဝရှင်သန်ရပ်တည်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်အရေးပါသော အရာတစ်ခုအဖြစ် ပညာရေး၊ ကျန်းမာရေး၊ သတင်းအချက်အလက်၊ ဖျော်ဖြေရေး၊ ဗဟုသုတနှင့် ရာသီဥတုဆိုင်ရာများစသည့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုများကို များစွာအထောက်အကူပြုနိုင်ခြင်းကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ သက်ဆိုင်ရာအစိုးရများမှလည်း ၎င်းတို့နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထူးအာရုံစိုက်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါသည်။
ဆက်သွယ်ရေးဝန်ဆောင်မှုပေးလျက်ရှိကြသော မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေး အော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူ (ISP) များအနေဖြင့် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများနှင့်အကျိုးအမြတ် ပြန်လည်ရရှိမှုများကို တွက်ချက်၍ လုပ်ကိုင်နေရခြင်းကြောင့် စီးပွားရေးအရ တွက်ချေမကိုက်သည့် ဝေးလံခေါင်းပါး၍ ဆက်သွယ်ရေးဖွံဖြိုးတိုးတက်မှု နိမ့်ကျနေသော နေရာဒေသများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါ။ ထို့ကြောင့် အဆိုပါနေရာဒေသများသည် ဆက်သွယ်ရေးစနစ်၊ အင်တာနက်စနစ် ရောက်ရှိမှု၊ အသုံးချနိုင်စွမ်းနှင့် ဒီဂျစ်တယ်နည်းပညာကွာဟချက် (Digital Divide) ဖြစ်ပေါ်၍ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလျက်ရှိပါသည်။ ကျေးလက်နှင့် ဝေးလံခေါင်းပါးသောဒေသများတွင် ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ပေးခြင်း၊ ဈေးသက်သာသည့် အင်တာနက်ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်း၊ နည်းပညာကျွမ်းကျင်မှုအတွက် သင်ကြားပေးခြင်းများကို လုပ်ဆောင်ပေးခြင်းဖြင့် ဒီဂျစ်တယ်နည်းပညာကွာဟချက် (Digital Divide) ဖြစ်ပေါ်မှုလျော့ကျစေနိုင်မည်ဖြစ်ပါသောကြောင့် ကမ္ဘာ့နိုင်ငံအများစုမှ အစိုးရများသည် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ (Universal Service Fund) ထူထောင်ထားရှိပြီး ဒီဂျစ်တယ်နည်းပညာကွာဟချက်ကျဉ်းမြောင်းစေရန် အကောင်အထည်ဖော် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြပါသည်။
အလားတူပင် မြန်မာနိုင်ငံတွင်လည်း နိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ရယူသုံးစွဲခွင့်ရရှိစေရန်အတွက် အခြေခံဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသေးသည့် နယ်မြေဒေသများ (underserved area) တွင် အခြေခံဆက်သွယ်ရေးအဆောက်အအုံ တိုးချဲ့တည်ဆောက်နိုင်စေရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပိုမိုကျယ်ပြန့်ကောင်းမွန်စေနိုင်မည့် အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ (၅၄) အရ ဝန်ကြီးဌာနသည် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေတစ်ရပ်ကို ထူထောင်ထားရှိပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ (၄) ဦးထံမှ ၎င်းတို့၏ လိုင်စင်သက်တမ်း (၄) နှစ်ပြည့်သည့်အချိန်မှစ၍ နှစ်စဉ်သက်ဆိုင်သော ဝင်ငွေ၏ ၂% ကို (Universal Service Fund - USF) အဖြစ် ရန်ပုံငွေထည့်ဝင်စေလျက် ရန်ပုံငွေထူထောင်ထားရှိခြင်းဖြစ်ပြီး ဝေးလံခေါင်းပါး၍ စီးပွားရေးနှင့်ဆက်သွယ်ရေးဖွံဖြိုးတိုးတက်မှုနိမ့်ကျနေသော နေရာဒေသများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများရရှိစေရေး အထောက်အပံ့ပေးရန်အတွက် ဖြစ်ပါသည်။ အဆိုပါ USF ရန်ပုံငွေကို ထူထောင်ရန်နှင့် ကြီးကြပ်နိုင်ရန်အတွက်လည်း အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ (Universal Service Fund-USF) ထူထောင်ခြင်း စည်းမျဉ်းကို ထုတ်ပြန်ထားရှိပါသည်။
ရန်ပုံငွေကို ကြီးကြပ်ရန်အတွက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီး (ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) ၊ အဖွဲ့ဝင်များအဖြစ် ညွှန်ကြားရေးမှူးချုပ် (ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန) ၊ ဆက်သွယ်ရေးအော်ပရေတာများမှ အလှည့်ကျကိုယ်စားလှယ်တစ်ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း (၅) ဦးဖြင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးလုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ မဟာဗျူဟာ (Universal Service Strategy for Myanmar) (2019-2023) ကို ထုတ်ပြန်ထားပြီး အဆိုပါ မဟာဗျူဟာသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် သက်တမ်းကာလပြည့်ပြီးဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ခွင့်ပြုချက်ဖြင့် အဆိုပါ မဟာဗျူဟာအား Universal Service Strategy for Myanmar (2024-2026) အဖြစ် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ သက်တမ်းတိုးမြှင့်ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာမဟာဗျူဟာတွင် Universal Service ၏ မူဝါဒပန်းတိုင်တစ်ခုအဖြစ် နိုင်ငံတွင်းနေထိုင်သူ လူတိုင်းနီးပါးဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုခွင့်ရရှိရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် သတ်မှတ်ထားရှိပြီး ဝေးလံခေါင်သီသောဒေသများနှင့်ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျဒေသများတွင် နေထိုင်သူများ၊ မသန်စွမ်းသူများ၊ ဆင်းရဲနွမ်းပါးသူများနှင့် စီးပွားရေးဈေးကွက်အရ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ (၄) ဦးမှ ဆောင်ရွက်နိုင်ခြင်းမရှိသည့် နေရာဒေသများအတွက် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဆိုင်ရာရန်ပုံငွေ (USF) အထောက်အပံ့ဖြင့် ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ နိုင်ငံတကာအတွေ့အကြုံများအပေါ်တွင် အခြေခံ၍ ရေးဆွဲထားပါသည်။
USF ရန်ပုံငွေကို အသုံးပြု၍ အဓိကရည်မှန်းချက် (၄) ခုဖြစ်သည့် (၁) Accessibility- မြန်မာနိုင်ငံအတွင်းနေထိုင်သူများအားလုံးဝန်ဆောင်မှုများ ရယူသုံးစွဲနိုင်စေရန်၊ (၂) Availability- နေရာဒေသမရွေးအခြေခံဆက်သွယ်မှုရရှိစေရန်၊ (၃) Ability- ပြည်သူလူထုတစ်ရပ်လုံး သတင်းအချက်အလက်နည်းပညာဝန်ဆောင်မှုများ အသုံးပြုနိုင်စွမ်း တိုးမြှင့်လာစေရန်၊ (၄) Affordability- လူတန်းစားမရွေး အသုံးပြုနိုင်သော ဈေးနှုန်းဖြစ်စေရန်တို့အတွက် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာမဟာဗျူဟာမှ အောက်ပါအစီအစဉ် (၃) မျိုးကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လျာထားပါသည်-
- အစီအစဉ် - ၁ အရ နိုင်ငံအတွင်းရှိ ဝေးလံခေါင်သီသောဒေသများနှင့် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသောဒေသများတွင် နေထိုင်ကြသည့် ဆက်သွယ်ရေးကွန်ယက် မရရှိသေးသောသူများအပြင် နိုင်ငံ၏ အဝေးပြေးလမ်းမကြီးများနှင့် အဓိကလမ်းမကြီးများတွင်လည်း မိုဘိုင်းဆက်သွယ်မှုများ ရရှိစေရန်၊
- အစီအစဉ် - ၂ အရ သင်ကြားရေးဌာနများ၊ လူမှုရေးဆိုင်ရာအဖွဲ့အစည်းများ အပါအဝင် နိုင်ငံအတွင်းရှိ လူတိုင်းနီးပါး မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လာစေရန်၊
- အစီအစဉ် - ၃ အရ မတူကွဲပြားသော ဘာသာစကားများ အပါအဝင် မသန်စွမ်းသူများ အထောက်အကူပြုစီမံကိန်းများ နေရာဒေသမရွေး၊ လူတန်းစားမရွေး၊ ကျား/မ မရွေးနှင့် မသန်စွမ်းသူများပါမကျန် အခြေခံဆက်သွယ်ရေးဝန်ဆောင်မှုနှင့် အင်တာနက်ဝန်ဆောင်မှုများအား အသုံးပြုနိုင်စေရန်၊
ဆက်သွယ်ရေးအခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းကို USF ရန်ပုံငွေဖြင့် ဆက်သွယ်ရေးဖွံ့ဖြိုးမှု နောက်ကျနေသည့်ဒေသများတွင် မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက်နိုင်ရန်အတွက် ၂၀၂၀ ခုနှစ်တွင် မြို့နယ် (၃၂) မြို့နယ်၊ ၂၀၂၂ ခုနှစ်တွင် မြို့နယ် (၂၂) မြို့နယ်၊ ၂၀၂၃ ခုနှစ်တွင် နေရာဒေသ (၉) ခုတို့တွင် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သော်လည်း ဆောင်ရွက်မည့်နေရာများသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခြင်း၊ နယ်စပ်ဒေသများဖြစ်သည့်အတွက် နယ်မြေတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် တင်ဒါအောင်မြင်သူများရှိခဲ့သော်လည်း လုပ်ငန်းဆောင်ရွက်နိုင်သည့် အခြေအနေ မရှိခဲ့ပါ။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း နယ်မြေဒေသအေးချမ်း၍ လုပ်ငန်းဆောင်ရွက်၍ ရနိုင်သော မြို့နယ် (၂) မြို့ နယ်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်မကျေးရွာနှင့် တနင်္သာရီတိုင်းဒေသကြီး၊ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းကျေးရွာတို့တွင် Telecommunication Infrastructure Services, Rural Project ဆောင်ရွက်ရန်အတွက် အဆိုပါ ဒေသများသို့ ရှေးဦးစွာ မြေပြင်ကွင်းဆင်း Site Survey ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပြီးမှ ၁၁-၁၂-၂၀၂၄ ရက်နေ့တွင် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ (၄) ဦးအား တင်ဒါခေါ်ယူခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်မကျေးရွာအတွက် အူရီဒူးမြန်မာလိမိတက်မှလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းကျေးရွာအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှလည်းကောင်း တင်ဒါအသီးသီးအောင်မြင်ခဲ့ကြပြီးဖြစ်သဖြင့် အဆိုပါဒေသများတွင် အခြေခံဆက်သွယ်ရေးဝန်ဆောင်မှုများ ရရှိရေးအတွက် အူရီဒူးမြန်မာလိမိတက်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့နှင့် လုပ်ငန်းအပ်နှံမှု သဘောတူစာချုပ်ချုပ်ဆိုပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း အခြေခံဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသည့် နေရာဒေသများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ရရှိအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လျာထားဆောင်ရွက်လျက် ရှိပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံအတွင်းရှိ အခြေခံဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသည့် နယ်မြေဒေသ (Underserved Area) များဖြစ်သည့် ဝေးလံခေါင်းပါး၍ စီးပွားရေးနှင့်ဆက်သွယ်ရေးဖွံဖြိုးတိုးတက်မှုနိမ့်ကျနေသော နေရာဒေသများအတွက် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ (USF) ကို အသုံးပြု၍ အခြေခံဆက်သွယ်ရေးအဆောက်အအုံဖြစ်သည့် မိုဘိုင်းဆက်သွယ်ရေးတယ်လီဖုန်းတာဝါတိုင်တိုးချဲ့တည်ဆောက်ပေးခြင်း၊ နေရာဒေသမရွေး၊လူတန်းစား မရွေး၊ ကျား/မ မရွေးနှင့် မသန်စွမ်းသူများပါမကျန် အခြေခံဆက်သွယ်ရေးဝန်ဆောင်မှုနှင့် အင်တာနက်ဝန်ဆောင်မှုများ အသုံးပြုနိုင်စေရန်ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတစ်ဝှမ်း တိုင်းရင်းသားပြည်သူလူမျိုးများ၏ လူမှု၊ စီးပွားဘဝများသာမက အခြားကဏ္ဍများပါ အဆင်ပြေတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
ကိုးကားဖော်ပြချက်
- အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေထူထောင်ခြင်းစည်းမျဉ်း
- Universal Service Strategy for Myanmar
- https://raceias.com/current-affairs/universal-service-obligation-fund-usof
အောင်ပြည့် (PTD)
