ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
← ဆောင်းပါးများ

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ တည်ထောင်ခြင်း နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ဆောင်းပါး

“ မြေကမ္ဘာအနှံ့ စာပို့ဝန် ထမ်းရွက် နှစ်(၁၅၀)တိုင် မပျက်ကွက်ခဲ့”

“ မြေကမ္ဘာအနှံ့ စာပို့ဝန် ထမ်းရွက် နှစ်(၁၅၀)တိုင် မပျက်ကွက်ခဲ့”

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ဆိုရင် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union) တည်ထောင်ပြီး ကမ္ဘာအနှံ့ စာပို့ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျဖြစ်အောင် နည်းစနစ်၊ စည်းမျဉ်းများ ချမှတ်ဆောင်ရွက်လာခဲ့တာ နှစ် (၁၅၀) တိုင် ရောက်ရှိလာပြီ ဖြစ်ပါသည်။ ယခုလို ကမ္ဘာ့အဖွဲ့အစည်းကြီးတစ်ရပ်အနေနဲ့ နှစ် (၁၅၀) ထိ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်နိုင်တာဟာ အဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုသူများရဲ့ မဆုတ်မနစ် တိကျပြတ်သားတဲ့ ခေါင်းဆောင်နိုင်မှု၊ အဖွဲ့ဝင်နိုင်ငံများရဲ့ လိုက်ပါဆောင်ရွက်တဲ့ အဖွဲ့အစည်း စိတ်ဓာတ်တွေကြောင့်ပဲ ဖြစ်ပါသည်။

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU) ဟာ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက်သက်တမ်းအရှည်ဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး စာပို့ဝန်ဆောင်မှုလုပ်ငန်းကို နည်းပညာတိုးတက်ပြောင်းလဲလာမှုနဲ့အညီ ပါဝင်လိုက်ပါ ဆောင်ရွက်နိုင်အောင် အဖွဲ့ဝင်နိုင်ငံများအတွက် လိုအပ်တဲ့နည်းပညာအကူအညီများနဲ့ လုပ်ထုံးလုပ်နည်းများကို ကူညီပံ့ပိုးပေးလျက်ရှိနေပါသည်။

စာပို့လုပ်ငန်း နောက်ခံသမိုင်းကြောင်း

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU) အဖြစ် အဖွဲ့ဝင် ၁၉၂ နိုင်ငံ စုစည်းကာ ကမ္ဘာ့တစ်ဝန်း စာပို့ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များ မဆောင်ရွက်နိုင်သေးခင် စာပို့လုပ်ငန်းများ ဆောင်ရွက်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေ့ရှိချက်များကို ဦးစွာဖော်ပြလိုပါသည်။ ဘီစီ ၂၅၅ ဝန်းကျင်ကာလမှာ စာပို့လုပ်ငန်းနဲ့ ပတ်သက်ပြီး အီဂျစ်နိုင်ငံရဲ့ စာပို့လုပ်ငန်းဆောင်ရွက်မှု အထောက်အထားကို စတင်တွေ့ရှိခဲ့ရပါသည်။ ထိုသို့ သမိုင်းမှတ်တမ်း မတင်နိုင်သော်လည်း ဘီစီ ၂၅၅ ကာလမတိုင်မီ အစောပိုင်းကာလများမှာ ပြည်သူများဟာ စာပို့ဆက်သွယ်တဲ့ ကိစ္စရပ်များကို ခိုငှက်ကို အသုံးပြုဆက်သွယ်ခြင်း၊ မီးခိုးဖြင့် တစ်နေရာမှ တစ်နေရာသို့ ဆက်တိုက်အချက်ပြ ဆက်သွယ်ခြင်း၊ ဗုံ (သို့မဟုတ်) အသံမြည်သော အရာတစ်ခုကို တီးခတ်ကာ အချက်ပြဆက်သွယ်ခြင်း အစရှိသည်တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ တစ်ဖက်မှာလည်း အုပ်ချုပ်သူ လူတန်းစားများဖြစ်တဲ့ ဘုရင်များနဲ့ နယ်စားများဟာ ခြေမြန်တော် ဆက်သားများ၊ မြင်းသည်တော်များကို အသုံးပြုကာ ၎င်းတို့ပိုင်နက်နယ်မြေများအတွက် အုပ်ချုပ်‌ရေးကိစ္စရပ်များကို ဆောင်ရွက်ခဲ့ကြပါသည်။ ရှေးကာလ အီဂျစ်၊ ဂရိနှင့် ရောမအင်ပါယာမှ မြေပိုင်ရှင်များအပါအဝင် ပြည်သူများက အရေးကြီးစာများနှင့် စာရွက်စာတမ်းများကို ယုံကြည်စိတ်ချရတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုကို သင့်တင့်သည့် အခကြေးငွေဖြင့် ပေးပို့ခြင်းများလည်း ရှိခဲ့ပါသည်။ ထိုလုပ်ငန်းများဟာ ပြည်သူအများစု အသုံးပြုနိုင်တဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (Public Service) အဖြစ် ရောက်ရှိလာခြင်းမရှိသော်လည်း ခေတ်သစ်စာပို့ဝန်ဆောင်မှုလုပ်ငန်းကို အစပြုတဲ့ခြေလှမ်းများပင် ဖြစ်ပါသည်။

အများပြည်သူက စာပို့ဝန်ဆောင်မှုလုပ်ငန်းကို အသုံးပြုချင်သော်လည်း စာနှင့်ပါဆယ်ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ ပေးပို့လိုသည့်အခါ ပေးရသည့် ဝန်ဆောင်ခမှာ “တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း” ဆိုသကဲ့သို့ ဝန်ဆောင်မှုပေးသူများရဲ့ စိတ်ကြိုက်ဈေးနှုန်း သတ်မှတ်ဆောင်ရွက်ကြတာကို တွေ့ရှိရပါသည်။ (၁၈) ရာစုအလယ်ပိုင်းနှင့် (၁၉) ရာစုအစောပိုင်းကာလများမှာ ဖြစ်ပေါ်လာတဲ့ စက်မှုခေတ်ပြောင်း တော်လှန်ရေးကြောင့် မီးရထားများ၊ မီးသင်္ဘောများ တီထွင်လာနိုင်ပြီး စီးပွားရေး၊ လူမှုရေးများမှာ အပြောင်းအလဲများကို တွေ့လာရပါသည်။ ထို့အထဲမှာမှ စာပို့ဝန်ဆောင်မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်များဖြစ်သည့် နိုင်ငံများအလိုက် သီးခြားစီ ကျင့်သုံးနေတဲ့ စာပို့လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်ငန်းများ၊ စာပို့ဈေးနှုန်း သတ်မှတ်ချက်များ၊ စာပို့လုပ်ငန်းဆိုင်ရာ စံသတ်မှတ်ချက်များကို နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ တစ်သမတ်တည်း ညီမျှတဲ့စနစ်တစ်ခု ဖြစ်လာစေဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေကို တွေ့လာရပါ သည်။ အစောပိုင်းကာလများမှာ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ စာပို့လုပ်ငန်းဆိုင်ရာ နှစ်ဦးသဘော တူညီချက် (Bilateral Agreement) များ ချုပ်ဆိုဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံများအတွက် အဆင်ပြေသော်လည်း အခြားနိုင်ငံများနှင့်စာပို့လုပ်ငန်း ဆောင်ရွက်လိုသည့်အခါ ထပ်မံပြီးဆွေးနွေး ညှိနှိုင်းရသည့်အတွက် မြန်မြန်ဆန်ဆန် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းပိုင်းဆိုင်ရာမှာ ကြန့်ကြာမှုများ ဖြစ်ပေါ်လာရပါတော့သည်။

စာပို့ဝန်ဆောင်မှုအဖွဲ့အစည်း တည်ထောင်ရန် ကြိုးပမ်းမှု

ထိုကဲ့သို့ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံများအလိုက် ကြိုးပမ်းဆောင်ရွက်လာခဲ့ကြရာမှာ ၁၈၄၀ ပြည့်နှစ်တွင် Sir Rowland Hill က စာပို့ဝန်ဆောင်ခအတွက် ကြိုတင်ပေးချေရသည့် စာပို့တံဆိပ်ခေါင်းစနစ် စတင်တီထွင်အသုံးပြုလာနိုင်ခဲ့ပါသည်။ ပြည်တွင်း စာပို့လုပ်ငန်းများအနေနဲ့ ချောစာပေးပို့ခဈေးနှုန်းနှင့်ပတ်သက်ပြီး တူညီတဲ့ဈေးနှုန်းတစ်ခုကို သတ်မှတ်ဆောင်ရွက်နိုင်ခဲ့တာလည်း ဖြစ်ပါသည်။ ၁၈၆၃ ခုနှစ် မေလ ၁၁ ရက်နေ့မှာ အမေရိကန်နိုင်ငံမှ Postmaster General ဖြစ်သူ Montgomery Blair က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ စာပို့တိုက်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ (Paris Postal Conference) ကို ခေါ်ယူခဲ့ပြီး ဥရောပနှင့် အမေရိကနိုင်ငံများမှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ကြကာ စာပို့လုပ်ငန်းဆိုင်ရာ သဘောတူချက်အတွက် အခြေခံရမည့် စည်းမျဉ်းများကို ချမှတ်နိုင်ခဲ့ကြပါသည်။ သို့သော်လည်း နိုင်ငံတကာစာပို့လုပ်ငန်းမှာ ဖြစ်ပေါ် နေတဲ့ အခက်အခဲအတွက် ဖြေရှင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းကိုတော့ ချမှတ်နိုင်ခြင်း မရှိတာကို တွေ့ရှိရပါသည်။

အဆိုပါ ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်အတွက် နည်းလမ်းများကို ရှာဖွေရန် the North German Confederation မှ စာပို့လုပ်ငန်းဆိုင်ရာ အဆင့်မြင့်အရာရှိ Heinrich von Stephan ကို တာဝန်ပေးအပ်ခဲ့ပါသည်။ ၎င်း၏ ကြိုးပမ်းအားထုတ်မှုကြောင့် ၁၈၇၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံအစိုးရက ကမကထပြုပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့တွင် နိုင်ငံတကာမှ သံတမန်များ၊ စာပို့လုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ လုပ်ငန်းရှင်များက စာပို့ဝန်ဆောင်မှုစနစ်ကို ကမ္ဘာလုံးဆိုင်ရာစနစ် (Global Postal System) တစ်ခုအဖြစ် ဖော်ဆောင်မည့် Swiss Initiative ကို စတင်ဆွေးနွေးကြပြီး သဘောတူညီမှုများ ချမှတ်နိုင်ခဲ့ပါသည်။ အဆိုပါ ကနဦးအစီအစဉ်တွင် စာပို့ဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊ စံသတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများနှင့် စာပို့ဝန်ဆောင်ခ ဈေးနှုန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာမှ လက်ခံကျင့်သုံးနိုင်မည့်စနစ် (a unified postal system) ကို ခေတ်သစ်စာပို့ဝန်ဆောင်မှုလုပ်ငန်းရဲ့ ပထမခြေလှမ်းအဖြစ် သဘောတူချမှတ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်

၁၈၇၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဂျာမနီ၊ ဩစတီးယား-ဟန်ဂေရီ၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ အီဂျစ်၊ စပိန်၊ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂရိ၊ အီတလီ၊ လူဇင်ဘတ်၊ နော်ဝေ၊ နယ်သာလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ရုရှား၊ ဆားဘီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် တူရကီစတဲ့ နိုင်ငံ ၂၂ နိုင်ငံမှ ကိုယ်စားလှယ်များက ဘန်းသဘောတူညီချက် စာချုပ် (Treaty of Bern) ကို လက်မှတ်ရေးထိုးပြီး နိုင်ငံတကာ စာပို့အဖွဲ့ချုပ် (General Postal Union) ကို စတင်တည်ထောင်နိုင်ခဲ့ပါသည်။ ဤ ဘန်းသဘောတူညီချက်စာချုပ်ရဲ့ ရည်ရွယ်ချက်မှာ နိုင်ငံတကာ စာပို့ဝန်ဆောင်မှုများအတွက် အများလက်ခံနိုင်မည့် ဘုံစည်းမျဉ်း၊ စည်းကမ်းများနှင့် စာပို့ဝန်ဆောင်ခ နှုန်းထားများကို ချမှတ်ကာ စာပို့လုပ်ငန်းစနစ် စံသတ်မှတ်ချက်ကို လွယ်ကူရိုးရှင်း စေရန်ဖြစ်သည်။ နိုင်ငံတကာစာပို့အဖွဲ့ချုပ် (General Postal Union - GPU) ကို ဆွစ်ဇာလန် နိုင်ငံ၊ ဘန်းမြို့မှာ အခြေစိုက်ရုံးချုပ်အဖြစ် တည်ထောင်ပြီး (၃) နှစ်တာကာလအတွင်း စာပို့ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေတဲ့ နိုင်ငံများက အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာခဲ့ကြတာကို တွေ့ရပါသည်။ နိုင်ငံတကာစာပို့အဖွဲ့ချုပ်အမည်ကို ၁၈၇၈ ခုနှစ် ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပသည့် ပထမ အကြိမ် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ မျက်နှာစုံညီ အစည်းအဝေး (1st Congress - Paris) ၏ ဆုံးဖြတ်ချက် ဖြင့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union – UPU) ဟု ပြောင်းလဲသတ်မှတ်ခဲ့ကာ ယနေ့ထက်တိုင်ဖြစ်ပါသည်။

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ တည်ထောင်မှုသမိုင်းမှတ်တမ်းများကို ဖော်ပြပြီးတဲ့နောက်မှာ စတင်တည်ထောင်ချိန်မှစ၍ လက်ရှိ နှစ် (၁၅၀) ကာလအတွင်း အဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်ခဲ့မှုနှင့် စာပို့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်နိုင်ခဲ့သည့် ကိစ္စရပ်များ၊ စာပို့လုပ်ငန်းဆိုင်ရာမဟာဗျူဟာများ ချမှတ်ဆောင်ရွက်နိုင်ခဲ့မှုများကို ရေးသားတင်ပြပါမည်။

ကမ္ဘာ့စာပို့တိုက်သမဂ္ဂကို အဖွဲ့ဝင်နိုင်ငံများ မျက်နှာစုံညီအစည်းအဝေး ( Congress ) နှင့် နိုင်ငံတကာရုံးချုပ် (International Bureau) တို့ဖြင့်သာ စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သော်လည်း လုပ်ငန်းလိုအပ်ချက်များအရ ၁၉၄၇ ခုနှစ်တွင် ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ မျက်နှာစုံညီအစည်းအဝေး (12th Congress - Paris) တွင် the Executive and Liaison Committee (ယခုစာပို့တိုက်အုပ်ချုပ်မှုကောင်စီ Council of Administration - CA) ကိုလည်း ကောင်း၊ ၁၉၅၇ ခုနှစ်တွင် ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂမျက်နှာစုံညီ အစည်းအဝေး (14th Congress - Ottawa) တွင်  the Consultative Committee for Postal Studies (ယခု စာပို့တိုက်လုပ်ငန်းကောင်စီ Postal Operation Council-POC) ကိုလည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် ကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂမျက်နှာစုံညီအစည်း အဝေး (17th Congress - Lausanne) တွင်  နိုင်ငံတကာရုံးချုပ် (International Bureau) ၏ ညွှန်ကြားရေးမှူးချုပ် (Director General) နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (Deputy Director General) တို့ကို အဖွဲ့ဝင်နိုင်ငံများမှ ဆန္ဒမဲ (Vote) ဖြင့် ရွေးချယ်ပေးနိုင်မည့်အခွင့်အာဏာများကို UPU Act နှင့် Convention တွင် ထည့်သွင်းနိုင်ရေးကို ဆုံးဖြတ်ခဲ့ကြပါသည်။

အထက်ပါကိစ္စရပ်များဟာ ကမ္ဘာ့စာပို့တိုက်သမဂ္ဂကို စနစ်ကျတဲ့အဖွဲ့ကြီးအဖြစ် အဖွဲ့အစည်းတစ်ရပ်ရဲ့ လိုအပ်ချက်များကို ခေတ်စနစ်နဲ့ လိုက်လျောညီထွေအောင် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့တဲ့ ခရီးစဉ်ဖြစ်ပါသည်။ အဖွဲ့အစည်းတစ်ရပ်ရဲ့ အင်္ဂါရပ်များ ပြည့်စုံအောင် ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း စာပို့ဝန်ဆောင်မှုလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများမှ ပြည်သူများ လွယ်ကူစွာ အသုံးပြုနိုင်စေရန် လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံများအလိုက် လုပ်ငန်းဆောင်ရွက်ရာမှာ အတားအဆီးဖြစ်နေသည့် ဥပဒေလုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာများကိုလည်း မျက်နှာစုံညီအစည်းအဝေးများတွင် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့တာကို တွေ့မြင်ရပါသည်။

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ စာပို့ဝန်ဆောင်မှုဆိုင်ရာ ဆုံးဖြတ်ချက်များ

၁၈၇၈ ခုနှစ်မှာ ကျင်းပသည့် ဒုတိယအကြိမ် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ မျက်နှာစုံညီအစည်းအဝေး (2nd Congress - Paris) တွင် ငွေပို့လွှာ (money orders) ကို စတင်မိတ်ဆက်ပေးခဲ့ပြီး ၁၈၈၅ ခုနှစ်မှာ ကျင်းပသည့် တတိယအကြိမ် ကမ္ဘာ့စာပို့တိုက်သမဂ္ဂမျက်နှာစုံညီအစည်းအဝေး (3rd Congress - Lisbon) တွင် ကမ္ဘာ့တိုက်ကြီးလေးတိုက်မှ ပြည်သူများအတွက် အသုံးပြုနိုင်မည့် ချောထုပ်များ "bulky items" ကို စတင် အသုံးပြုနိုင်အောင် စာပို့လုပ်ငန်းစံချိန်စံညွှန်းများ ချမှတ်ပေးနိုင်ခဲ့ပါသည်။

၁၉၀၆ ခုနှစ်မှာ ကျင်းပသည့် ဆဋ္ဌမအကြိမ် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ မျက်နှာစုံညီအစည်းအဝေး (6th Congress - Rome) တွင် စစ်သုံ့ပန်း(POWs) များအတွက် စာပေးစာယူနှင့်ငွေပို့လွှာများ ဝန်ဆောင်ခအခမဲ့ ပေးပို့လက်ခံနိုင်ရန် ဆုံးဖြတ်ပေးခဲ့ပြီး တစ်စုံတစ်ယောက်မှ အခြားနိုင်ငံသို့ စာတစ်စောင်ပေးပို့ရာတွင် မိမိထံသို့ ပြန်လည်အကြောင်းပြန်ကြားမည့် စာပို့ခအတွက် ကြိုတင်ငွေပေးချေနိုင်သည့် International Reply Coupon (IRC) ကို တီထွင်အသုံးပြုခဲ့ပါသည်။ ပြည်ပမှ အချက်အလက် (သို့မဟုတ်) စာရွက်စာတမ်းများ တောင်းခံခြင်း၊ ကျောင်းနှင့်တက္ကသိုလ်များတွင် စာရင်းသွင်းခြင်းနှင့် နိုင်ငံခြားဖိတ်စာများကို အကြောင်းပြန်ရန် လိုအပ်ပါက အသုံးပြုနိုင်သည့် အတွက် စာပို့သည့်သူအတွက်ရော ပြန်လည်ပေးပို့ရမည့်သူအတွက်ပါ စာပို့ခနှုန်းထားများ ချွေတာနိုင်ပြီး အသုံးဝင်တာကြောင့်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာကို တွေ့ရှိရပါသည်။

စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် လေကြောင်းသယ်ယူပို့ဆောင်မှု လုပ်ငန်းတိုးတက်လာမှုတို့ကြောင့် ၁၉၂၉ ခုနှစ်မှာ ကျင်းပသည့် န၀မအကြိမ် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ မျက်နှာစုံညီ အစည်းအဝေး (9th Congress - London) တွင် လေကြောင်းပို့ဆောင်ရေးနှင့် ပတ်သက်သည့် စာပို့ဝန်ဆောင်မှုကိစ္စရပ်များကို UPU Convention ၌ ထည့်သွင်းပြဋ္ဌာန်းရန် ဆုံးဖြတ်ပေးခဲ့ပါသည်။ ၁၉၃၉ ခုနှစ်မှာ ကျင်းပသည့် (၁၁) ကြိမ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ မျက်နှာစုံညီအစည်းအဝေး (11th Congress - Buenos Aires) တွင် အစည်းအဝေးတက်ရောက်သူများအတွက် ခေတ်မီသော အသံမေးလ်ဝန်ဆောင်မှု (Phonopost) ကို စမ်းသပ်မိတ်ဆက်ပေးနိုင်ခဲ့ပါသည်။

စာပို့လုပ်ငန်းအနေနဲ့ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကာလများတွင် စာပို့လုပ်ငန်းလည် ပတ်မှု (Postal Operation) နှောင့်နှေးမှုများ တွေ့ကြုံခဲ့ရသော်လည်း ပြည်သူများအတွက် စာပို့ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်စေရေး ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ အတွေ့အကြုံများကြောင့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂအနေဖြင့် ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (United Nations) နဲ့ ပူးပေါင်းဆောင်ရွက်မှုများ စတင်ခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ အထူးအေဂျင်စီ (A Specialized Agency) တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။

ကမ္ဘာ့စာပို့တိုက်သမဂ္ဂဟာ မိမိရဲ့လုပ်ငန်းဆောင်တာများဖြစ်တဲ့ စာပို့လုပ်ငန်းကို ခေတ်မီနည်းပညာများ အသုံးချဆောင်ရွက်နိုင်အောင် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက်နေသလို တစ်ဖက်ကလည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ ချမှတ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (the 2030 Agenda for Sustainable Development Goals) မှာ ပါဝင်သည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များကို စာပို့တိုက်ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်အောင် မူဝါဒများနှင့် လုပ်ဆောင်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ပါသည်။

၁၉၅၂ ခုနှစ်မှာ ကျင်းပသည့် (၁၃) ကြိမ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ မျက်နှာစုံညီအစည်း အဝေး (13th Congress - Brussels) တွင် မသန်စွမ်းများအတွက် မျက်မမြင်စာပေ (Literature for the Blind) ကို စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများမှ အခမဲ့သယ်ပို့ပေးရန် ချမှတ်နိုင်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် ကျင်းပသည့် (၁၅) ကြိမ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ မျက်နှာစုံညီအစည်းအဝေး (15th Congress - Vienna) မှာ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ တရားဝင် ရုံးသုံးဘာသာဖြစ်သော ပြင်သစ်မှ အင်္ဂလိပ်၊ အာရပ်၊ တရုတ်၊ ရုရှားနှင့် စပိန်ဘာသာ စကားပြောနိုင်ငံများဟူ၍ အုပ်စုခွဲခြားသတ်မှတ်ပေးပြီး အဖွဲ့ကြီး၏ ဆုံးဖြတ်ချက်များ၊ အစည်းအဝေးမှတ်တမ်းများနှင့် အခြားသောညွှန်ကြားချက်များကို ဘာသာပြန်ဆို ပေးပို့ရန်ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

၁၉၆၉ ခုနှစ်မှာ ကျင်းပသည့် (၁၆) ကြိမ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ မျက်နှာစုံညီအစည်း အဝေး (16th Congress - Tokyo) တွင် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ တည်ထောင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် နှစ်စဉ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကမ္ဘာ့စာပို့တိုက်နေ့ (World Post Day) အခမ်းအနားကို အဖွဲ့ဝင်နိုင်ငံများ၌ ကျင်းပနိုင်ရေးဆုံးဖြတ်ခဲ့ကြပြီး နှစ်စဉ် အောက်တိုဘာလ ၉ ရက်နေ့ ရောက်တိုင်း အထိမ်းအမှတ်အခမ်းအနားကို ကျင်းပလာသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ တစ်ဆက်တည်းမှာပင် နိုင်ငံတကာစာပို့လုပ်ငန်း၌ လက်ခံသည့်နိုင်ငံ၊ ပေးပို့သည့်နိုင်ငံနှင့် ထပ်ဆင့်ပေးသည့် နိုင်ငံများအကြား စာပို့ခနှုန်းထားများ တွက်ချက်ကောက်ခံရာတွင် အရေးပါသည့် ခရီးလမ်းဆုံး နှုန်းထားများ (terminal due rates) ကို စတင်အတည်ပြုပေးနိုင်ခဲ့ပါသည်။

၁၉၇၁ ခုနှစ်တွင် UPU Executive Meeting ရဲ့ ဆုံးဖြတ်ချက်ဖြင့် အသက် (၁၅) နှစ်နှင့် အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (International Letter-Writing Competition for Young People) ကို စတင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများမှ ကျောင်းသား/ကျောင်းသူ လူငယ်များက သတ်မှတ်ထားတဲ့ ခေါင်းစဉ်အတိုင်း အင်္ဂလိပ်ဘာသာဖြင့် ပါဝင်ယှဉ်ပြိုင်လျက်ရှိပါသည်။ ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များမှာ ပါဝင်သော ပန်းတိုင် (၄) ဖြစ်တဲ့ အရည်အချင်းပြည့်ဝသော ပညာရေးရရှိရေး (Quality Education) ကို ဖော်ဆောင်ရာမှာ စာပို့တိုက်ကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည်ကို သိရှိစေလိုခြင်းဖြစ်သကဲ့သို့ အဖွဲ့ဝင်နိုင်ငံများမှ လူငယ်လူရွယ်များက စာတိုက်လုပ်ငန်းရဲ့ အရေးပါမှုကို သိရှိစေရန်၊ ပေးစာအရေးအသား တီထွင်ဆန်းသစ် တိုးတက်လာစေရန်နှင့် နိုင်ငံတကာမှလူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်လာစေရန် အဓိကရည်ရွယ်ပါသည်။

၁၉၈၉ ခုနှစ်မှာ ကျင်းပသည့် (၂၀) ကြိမ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ မျက်နှာစုံညီအစည်းအဝေး (20th Congress - Washington) တွင် ပထမဆုံးအကြိမ် စာပို့တိုက်ဆိုင်ရာ မဟာဗျူဟာ (The First World Postal Strategy) ကို အတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီး ကမ္ဘာ့စာပို့တိုက်သမဂ္ဂမှ လာမည့်(၄)နှစ်တာကာလအတွင်း ဆောင်ရွက်မည့် စီမံကိန်းကိစ္စရပ်များနှင့် အဆိုပါ စီမံကိန်းများတွင် ဘတ်ဂျက်ခွဲဝေသုံးစွဲမည့် ကိစ္စရပ်များပါဝင်သည့်အပြင် အဖွဲ့ဝင်နိုင်ငံများအနေနဲ့လည်း မိမိတို့နိုင်ငံ စာပို့တိုက်ဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်ပါဆောင်ရွက်နိုင်မည့် လမ်းပြမြေပုံတစ်ခုလည်း ဖြစ်တာကိုတွေ့ရှိရပါသည်။

၁၉၉၀ ပြည့်နှစ်မှာ The EMS Cooperative ကို တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ ၁၈၀ မှ ချောစာနှင့် ချောထုပ်များအတွက် အမြန်ချောပို့စနစ်ကို စတင်အသုံးပြုခဲ့ပါသည်။ ထို့အတူ ကမ္ဘာ့စာပို့တိုက်သမဂ္ဂမှ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စာပို့လုပ်ငန်းမှ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် ဆောင်ရွက်နိုင်မည့် OSCAR.post အစီအစဉ်ကို ချမှတ်နိုင်ခဲ့သလို အဖွဲ့ဝင်နိုင်ငံများမှ ချောစာ/ ချောထုပ်ပေးဝေနိုင်မှုအပါအဝင် လုပ်ငန်းအရည်အသွေး (QoS) ကိုဆန်းစစ်မည့် Global Monitoring System နှင့် .POST ကို အသုံးပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ နည်းပညာခေတ်နဲ့အညီ စာပို့ဝန်ဆောင်မှုလုပ်ငန်းတွင် သမားရိုးကျစာပို့လုပ်ငန်းမှသည် ခေတ်မီအိုင်စီတီနှင့် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချနိုင်သည့် ခေတ်မီစာပို့လုပ်ငန်းအထိ အသွင်ပြောင်းဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

စာပို့ဝန်ဆောင်မှုဆိုင်ရာမူဝါဒများ ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်ချက်

ထို့အပြင် ကမ္ဘာ့စာပို့တိုက်သမဂ္ဂသည် စာပို့ကဏ္ဍတွင် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဈေးကွက် (Competitive Market) ကို ဖွင့်လှစ်ဆောင်ရွက်လာတာကို တွေ့ရှိရပြီး ယခင်ကလက်တွဲ ဆောင်ရွက်နေသည့် စာပို့တိုက်နှင့် အိုင်စီတီဆိုင်ရာ အစိုးရအဖွဲ့အစည်း (Ministry)၊ ကြီးကြပ်ကွပ်ကဲသည့်အဖွဲ့  (Regulator) နှင့် နိုင်ငံ့ကိုယ်စားပြု စာပို့ဝန်ဆောင်မှုပေးသူ (Designated Postal Operator) တို့အပြင် စာပို့ဝန်ဆောင်မှုဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေသည့် စာပို့လုပ်ငန်း ဆောင်ရွက်နေသူများ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေသည့်အဖွဲ့များ၊ e-commerce ဆောင်ရွက်နေသူများအပါအဝင် ကမ္ဘာ့စာပို့လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ဆောင်ရွက်နေသူများမှ ထင်မြင်ယူဆချက်များကို လေ့လာဆန်းစစ်ကာ လိုအပ်ချက်များကို ရှာဖွေဖော်ထုတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ ကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၁ ခုနှစ်တွင် ယူပီယူ၏ စီစဉ်မှုဖြင့် ပထမဆုံး ဝန်ကြီးအဆင့်ဆွေးနွေးပွဲ (The UPU Ministerial Conference) ကို ကျင်းပခဲ့ပြီး ဖိတ်ကြားထားသည့် အဖွဲ့ဝင်နိုင်ငံများမှ စာပို့တိုက်နှင့် အိုင်စီတီဆိုင်ရာ ဝန်ကြီးအဆင့် တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံအလိုက် စာပို့တိုက်ကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများ၊ အိုင်စီတီနှင့် ဒစ်ဂျစ်တယ်နည်းပညာကို စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်နေမှုများ၊ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးကြပြီး ယူပီယူဘက်မှလည်း လက်ရှိဆောင်ရွက်လျက်ရှိတဲ့ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ တစ်ချိန်တည်းမှာ စာပို့တိုက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲသည့်အဖွဲ့ (Regulator) နှင့် နိုင်ငံ့ကိုယ်စားပြု စာပို့ဝန်ဆောင်မှုပေးသူ (Designated Postal Operator) တို့မှ ကိုယ်စားလှယ်များကလည်း မျက်မှောက်ကာလ စာပို့တိုက်ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို နည်းပညာခေတ်နှင့်အညီ ဆောင်ရွက်နိုင်ရေး အပြန်အလှန်ဆွေးနွေးလျက် ရှိနေကြသည်မှာ ခေတ်သစ်စာပို့လုပ်ငန်းအတွက် အားတက်ဖွယ်ပင်ဖြစ်ပါသည်။

ယူပီယူဘက်မှ ပြန်လည်ဆွေးနွေးရာမှာ နည်းပညာတိုးတက်လာမှုကြောင့် စာပို့ဝန်ဆောင်မှုလုပ်ငန်းများတွင် ချောစာ/ချောထုပ် ပေးပို့မှု ကျဆင်းလာသည့်အတွက် ဝင်ငွေများ ကျဆင်းပြီး စာတိုက်များ ပိတ်သိမ်းရမှုနှင့် စာပို့ဝန်ထမ်းအရေအတွက် လျှော့ချရမှုကို မြင်တွေ့ရသည့်အတွက် နည်းပညာကို အသုံးချဆောင်ရွက်နိုင်ရန်နှင့် စာပို့ဝန်ဆောင်မှုဆိုင်ရာ ထပ်ပိုးဝန်ဆောင်မှုများ (Value Added Services) ကို တီထွင်ဆန်းသစ်နိုင်ရန် လိုအပ်သော လမ်းညွှန်မှုများ ချမှတ်ပြီး ဒေသတွင်းအဖွဲ့အစည်းများ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU)၊ အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ (The International Civil Aviation Organization)၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့ချုပ် (The World Customs Organization) စသည့် မိတ်ဖက်အဖွဲ့အစည်းများစွာနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားတာကို တွေ့ရပါသည်။

ယူပီယူမှ ချမှတ်ထားသည့် Postal Vision 2030 တွင် အစိုးရ (Government)၊  ကြီးကြပ်ကွပ်ကဲသည့်အဖွဲ့ (Regulator)၊ နိုင်ငံ့ကိုယ်စားပြု စာပို့ဝန်ဆောင်မှုပေးသူ (Designated Postal Operator) နှင့် စာပို့ဝန်‌ဆောင်မှုကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများ (Stakeholders) က စာပို့တိုက်ဝန်ဆောင်မှု လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာနေရာများအလိုက် ပါဝင်ဆောင်ရွက်မှသာ နည်းပညာခေတ်တွင် စာပို့ဝန်ဆောင်မှုလုပ်ငန်း ရေရှည်တည်တံ့နိုင်မည်ဖြစ်သလို ယူပီယူမှ မျှော်မှန်းထားသည့် မြေကမ္ဘာ၏ တစ်ခုတည်းသော စာပို့ကွန်ရက် (One World One Postal Network) အဖြစ် ရပ်တည်နိုင်မှာလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံစာပို့ဝန်ဆောင်မှုလုပ်ငန်းသမိုင်းကြောင်း

ယူပီယူနှင့် မြန်မာနိုင်ငံ ဆက်သွယ်ဆောင်ရွက်မှုများကို အနည်းငယ် ရေးသားတင်ပြရမည်ဆိုလျှင် မြန်မာနိုင်ငံမှာ စာပို့တိုက်လုပ်ငန်း စတင်အခြေပြု ဆောင်ရွက်မှုကနေ စတင်ချင်ပါသည်။ ရှေးမြန်မာဘုရင်များ လက်ထက်တွင် မြင်းသည်တော်၊ ခြေလျင်တော်၊ လှေလျင်တော်တို့သည် ဘုရင့်စာချွန်တော်များကို လက်ဆင့်ကမ်းစနစ်ဖြင့်လည်းကောင်း၊ တောက်လျှောက်သယ်ယူ၍လည်းကောင်း ပို့ဆောင်ခဲ့ရသည်ဟု လေ့လာသိရှိရပါသည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်များ စတင်ဝင်ရောက်ပြီးနောက် မှတ်တမ်းများအရ ၁၈၂၇ ခုနှစ်တွင် စစ်တွေစာတိုက်ကိုလည်းကောင်း၊ ၁၈၅၂ ခုနှစ်တွင် ပဲခူးစာတိုက်ကိုလည်းကောင်း၊ ၁၈၅၄ ခုနှစ်တွင် ရန်ကုန်စာတိုက်ကြီးကိုလည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့ပါသည်။ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်များ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်းယူပြီးနောက် စာတိုက်နှင့် ကြေးနန်းလုပ်ငန်းနှစ်ခုကို ပူးတွဲ၍ အုပ်ချုပ်ခဲ့တယ်လို့ မှတ်သားသိရှိရပါသည်။ ၁၈၈၅ ခုနှစ်မှ ၁၉၃၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံ စာတိုက်နှင့်ကြေးနန်းဌာနကို အိန္ဒိယစာတိုက်နှင့် ကြေးနန်းလက်အောက်တွင် ထားရှိခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နောက် ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ UPU (Universal Postal Union) သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ယူပီယူအဖွဲ့ဝင် ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ စာပို့ဝန်ဆောင်မှုလုပ်ငန်းတွင် ယူပီယူမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့်အညီ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ၁၉၄၇ ခုနှစ်တွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ မျက်နှာစုံညီအစည်းအဝေး (12th  Congress, Paris) တွင် မြန်မာကိုယ်စားလှယ် ဦးအရိန်က လေ့လာသူအဖြစ် စတင်တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်အဖြစ် အတည်ပြုသည့် ၁၉၄၉ ခုနှစ် နောက်ပိုင်းမှစ၍ ယူပီယူမှကျင်းပသည့် အစည်းအဝေးများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စား သက်ဆိုင်ရာဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ယူပီယူမှသက်ဆိုင်ရာဒေသအလိုက် ဆောင်ရွက်သည့် စီမံချက်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ စာပို့ဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆိုင်ရာ အကူအညီများ ရယူဆောင်ရွက်လျက်လည်းရှိပါသည်။

စာပို့ဝန်ဆောင်မှုလုပ်ငန်းအရေးပါမှု

စာပို့ဝန်ဆောင်မှုလုပ်ငန်းဟာ အခြားသော ဝန်ဆောင်မှုလုပ်ငန်းများကဲ့သို့ပင် အသုံးပြုသူများရဲ့ စိတ်ကျေနပ်မှုနှင့် ယုံကြည်မှုရရှိရန် အရေးကြီးတာကြောင့် စာပို့တိုက်များရဲ့ အားသာချက်ဖြစ်တဲ့ ရှေးယခင်ကတည်းက ပိုင်ဆိုင်ထားတဲ့ ကြီးမားကျယ်ပြန့်တဲ့ စာပို့ကွန်ရက်များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် အသွင်ပြောင်းအသုံးချပြီး အသုံးပြုသူများ၏ စိတ်ကျေနပ်မှုနှင့် ယုံကြည်မှုအပြည့်အဝရရှိအောင် စာပို့တိုက်ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများ အားလုံးက ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါသည်။

ယူပီယူက စာပို့ဝန်ဆောင်မှုလုပ်ငန်းကို “စိတ်ချ ယုံကြည် တွဲလက်ညီ” (Together for Trust) လို့ ညွှန်းဆိုထားသည့်အတိုင်း စာပို့အော်ပရေတာများဘက်မှလည်း စာပို့ဝန်ဆောင်မှုလုပ်ငန်းကို ပြည်သူအများက စိတ်ချယုံကြည်ပြီး လူမှု့ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကျသော အခြေခံအဆောက်အဦ (Key Infrastructire) ဖြစ်လာစေရန် လိုအပ်သော ဆန်းသစ်တီထွင်မှုများကို ကြိုးပမ်းဆောင်ရွက်သွားဖို့ တိုက်တွန်းအပ်ပါသည်။ စာပို့ဝန်ဆောင်မှုအသုံးပြုသူများအတွက် စိတ်ချယုံကြည်ရသည့် အဖွဲ့အစည်းအဖြစ် ဆက်လက်ထမ်းဆောင်နိုင်ရန် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်လျက်ရှိနေတာကိုလည်း တွေ့မြင်နေရပါသည်။ ယူပီယူရဲ့ နှစ် (၁၅၀) ပြည့် ကာလအတွင်း စာပို့ဝန်ဆောင်မှုလုပ်ငန်းအကြောင်းကို အများပြည်သူကို အသိပေးထားတင်ပြထားတဲ့ “ မြေကမ္ဘာအနှံ့ စာပို့ဝန် ထမ်းရွက် နှစ် (၁၅၀) တိုင် မပျက်ကွက်ခဲ့”(150 years of enabling communication and empowering peoples across nations) ဆိုသည့်အတိုင်း စာပို့ဝန်ဆောင်မှု လုပ်ငန်းကို ကမ္ဘာ့နေရာအနှံ့မှာ မရပ်မနားတာဝန်ကျေစွာ အကျိုးပြုဆောင်ရွက်ခဲ့တာကို သမိုင်း မှတ်တမ်းများအရရော မျက်မြင်လက်တွေ့တွင်ပါ တွေ့ရှိနေရပါသည်။

နိဂုံး

စာပို့ဝန်ဆောင်မှုလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ စာပို့ဝန်ထမ်းများဟာ ၎င်းတို့ရဲ့ တာဝန်ကျေပွန်စွာဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို မနားမနေ ဆောင်ရွက်မှုများကို ပထမကမ္ဘာ စစ်နှင့် ဒုတိယကမ္ဘာစစ် ကာလတွင်သာမက ကိုဗစ်-၁၉ ကပ်ရောဂါကာလများတွင်ပါ သက်သေပြခဲ့ ပြီးဖြစ်သည့်အပြင် ကမ္ဘာ့စာပို့တိုက်သမဂ္ဂရဲ့ နှစ် (၁၅၀) ခရီးလမ်းမှသည် နှစ်ထောင်ချီတိုင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ထမ်းဆောင်ရင်း ပြုပြင်ပြောင်းလဲမှုများလည်း ဆက်လက်ဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆန္ဒမွန်ဖြင့် ဂုဏ်ပြုရေးသားလိုက်ရပါသည်။

Happy World Post Day ။

ကိုခိုင်(ဆညန)

ကိုးကားဖော်ပြချက်

၁။https://www.upu.int/en/universal-postal-union/outreach-campaigns/150-year-of-the-upu

၂။https://www.motc.gov.mm/my/Myanmar%20Post

ပုံ (၁) ယူပီယူ ပထမအကြိမ်အစည်းအဝေး

ပုံ (၂) ယူပီယူ ရုံးချုပ် အဆောက်အဦ

ပုံ (၃) ယူပီယူ တည်ထောင်ခြင်း နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ပိုစတာ

ပုံ (၄) (၁၄၉) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနား မှတ်တမ်းဓါတ်ပုံ