ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
← သတင်းများ

အာဆီယံ ဒီဂျစ်တယ် စီးပွားရေးမူဘောင်သဘောတူစာချုပ်စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်များ အောင်မြင်စွာပြီးစီး

နေပြည်တော်၊ မေ ၃၀

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့သည့် ၅၇ ကြိမ်မြောက် အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများအစည်းအဝေး၏ ဒုတိယအကြိမ် မြောက်အစည်းအဝေးတွင် အာဆီယံဒီဂျစ်တယ်စီးပွားရေးမူဘောင်သဘောတူစာချုပ် (ASEAN Digital Economy Framework Agreement - DEFA) အား အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အောင်မြင်စွာ သဘောတူညီမှုရရှိခဲ့ကြောင်းသိရှိရပါသည်။

DEFA စာချုပ်စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်များကို ၂၀၂၃ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများအကြား ဒီဂျစ်တယ်စီးပွားရေး၊ ဒီဂျစ်တယ်ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒီဂျစ်တယ် ပေါင်းစည်းမှုမြှင့်တင်ရေးတို့တွင် အာဆီယံ၏အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်နိုင်မည့် ပြီးပြည့်စုံ သောမူဘောင်တစ်ရပ် ပေါ်ထွန်းလာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ DEFA သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဥပဒေအရ ချည်နှောင်မည့် သဘောတူစာချုပ် (Legally Binding Agreement) တစ်ခုလည်းဖြစ်ပါသည်။

DEFA စာချုပ်စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် စာချုပ်စေ့စပ် ညှိနှိုင်းရေးကော်မတီကို အာဆီယံကဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန က မြန်မာနိုင်ငံ၏ Lead Focal အဖြစ် တာဝန်ယူ၍ စာချုပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်များနှင့် အာဆီယံ၏ ဒီဂျစ်တယ်စီးပွားရေးပေါင်းစည်းရေးလုပ်ငန်းစဉ်များတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူတက်ကြွ စွာ ပါဝင်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

DEFA စာချုပ်တွင် ဒီဂျစ်တယ်ကုန်သွယ်ရေး (Digital Trade) ၊ နယ်စပ်ဖြတ်ကျော်အီလက် ထရောနစ် နည်းလမ်းဖြင့်ကူးသန်းရောင်းဝယ်ရေး (Cross-Border E-Commerce) ၊ အချက်အလက် စီမံအုပ်ချုပ်ရေးနှင့် ကိုယ်ရေးအချက်အလက်ကာကွယ်ရေး (Data Governance and Privacy) ၊ ဒီဂျစ်တယ်အထောက်အထား (Digital Identity) ၊ အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေပေးချေမှု (Electronic Payment) ၊ အွန်လိုင်းလုံခြုံရေးနှင့်ဆိုက်ဘာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု (Online Safety and Cyber Security Cooperation) ၊ ယှဉ်ပြိုင်မှုဆိုင်ရာမူဝါဒ (Competition Policy) ၊ ဉာဏ်ရည်တု (Artificial Intelligence) ကဲ့သို့သော ထွန်းသစ်စဒီဂျစ်တယ်နည်းပညာသစ်များနှင့် ဒီဂျစ်တယ်ကျွမ်းကျင်သူများ ရွှေ့ပြောင်းသွားလာလုပ်ကိုင်နိုင်ရေး (Digital Talent Mobility) စသည့် ဒီဂျစ်တယ်ကဏ္ဍများစွာ ပါဝင်ပါသည်။

DEFA သည် အာဆီယံ၏လက်ရှိဆောင်ရွက်လျက်ရှိသော ဒီဂျစ်တယ်ပေါင်းစည်းရေးလုပ်ငန်း စဉ်များဖြစ်သည့် အာဆီယံပြတင်းတစ်ပေါက်၊ ဒေသတွင်းဒီဂျစ်တယ်ငွေပေးချေမှုချိတ်ဆက်ရေး၊ နယ်စပ်ဖြတ်ကျော်အချက်အလက်စီးဆင်းမှုဆိုင်ရာ ကနဦးလုပ်ငန်းစဉ်များ၊ အွန်လိုင်းစားသုံးသူ ကာကွယ်ရေးနှင့် ASEAN Unique Business Identification Number (UBIN) စသည်တို့အပေါ် အခြေခံ၍ ရေးဆွဲထားသည့်အရည်အသွေးမြင့်မားပြီး အနာဂတ်ကို ရှေးရှု့ရည်မှန်းထားသော သဘော တူစာချုပ်တစ်ခုဖြစ်ပြီး သုတေသနလေ့လာချက်များအရ အဆိုပါစာချုပ်ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် အာဆီယံ၏ဒီဂျစ်တယ်စီးပွားရေးတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၂ ထရီလီယံအထိရောက်ရှိနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

အဆိုပါစာချုပ်အား ချုပ်ဆိုခြင်းအားဖြင့် ဒေသတွင်း ဒီဂျစ်တယ်ချိတ်ဆက်မှုများကို မြှင့်တင် ပေးနိုင်ခြင်း၊ အွန်လိုင်းငွေပေးငွေယူ လုပ်ငန်းစဉ်များအပေါ် ယုံကြည်စိတ်ချရမှုတိုးမြှင့်ပေးနိုင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် ဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို လျှော့ချပေးနိုင်ခြင်း တို့မှ တစ်ဆင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) အပါအဝင် စီးပွားရေး လုပ်ငန်းများအားလုံးအတွက် ပိုမိုကောင်းမွန်သော ဒီဂျစ်တယ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် DEFA သည် စီးပွားရေးသဘောတူစာချုပ်တစ်ခုသာမက ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပေါင်းစည်းရေးကို အထောက်အကူပြုမည့် မူဘောင်တစ်ရပ်လည်းဖြစ်ပြီး ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းမှ ဖြစ်ပေါ်လာမည့် အကျိုးကျေးဇူးများကို အဖွဲ့ဝင်နိုင်ငံများအကြား မျှတစွာ ရရှိခံစားနိုင်စေရန် ရည်ရွယ်ထားပါသည်။

အာဆီယံဒီဂျစ်တယ်စီးပွားရေးမူဘောင်သဘောတူစာချုပ်အား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ၂၈ ကြိမ်မြောက် ASEAN Economic Community (AEC) Council Meeting နှင့် ၄၉ ကြိမ် မြောက် ASEAN Summit တို့တွင် လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါသဘောတူစာချုပ်သည် အာဆီယံ၏ဒီဂျစ်တယ်ပေါင်းစည်းရေးခရီးစဉ်တွင် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်လာကာ ချိတ်ဆက်မှုပိုမိုကောင်းမွန်သော၊ ဆန်းသစ်တီထွင်မှုအားကောင်းသော၊ သာယာဝပြောသော ဒေသတွင်းစီးပွားရေးစနစ်တစ်ခု ပေါ်ထွန်းလာစေရန် အခြေခံအုတ်မြစ်ဖြစ်လာ မည်ဖြစ်ကြောင်း သိရှိရပါသည်။