အီလက်ထရောနစ် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုစနစ် (Electronic Document Management System-EDMS) ကို ခေတ်စနစ်နှင့်အညီ အဆင့်မြှင့်တင်၍ အစိုးရတစ်ရပ်လုံးမှ အသုံးပြုနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ ရုံးအမှတ် (၂) အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပခဲ့သော e-Government အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ အစိုးရရုံးလုပ်ငန်းများ ကို အီလက်ထရွန်းနစ်နည်းပညာ အသုံးပြု၍ ထိရောက်လျင်မြန်စွာ စီမံခန့်ခွဲနိုင်သည့် အီလက်ထရောနစ် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုစနစ် (Electronic Document Management System – EDMS) အဆင့်မြှင့်တင် ပြီးစီးမှုနှင့် အစိုးရဌာနများအားလုံးမှ တစ်ပြေးညီ အသုံးပြုသွားနိုင်ရေး လျာထားဆောင်ရွက်မည့် အစီအစဉ်တို့အား သတင်းအချက်အလက်နည်းပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီစိုးရင်က ရှင်းလင်းတင်ပြခဲ့သည်။
ထိုသို့ ရှင်းလင်းတင်ပြခဲ့ရာတွင် ယခင်ရေးဆွဲခဲ့သော EDMS စနစ်ကို လျင်မြန်စွာ ပြောင်းလဲ တိုးတက်လျက်ရှိသော နည်းပညာများနှင့် ကိုက်ညီဆီလျော်မှုရှိရန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခင် Server- Client Version ဖြင့် အသုံးပြုရာမှ Web Version၊ ထိုမှတဆင့် Mobile Version အထိ အဆင့်ဆင့် အဆင့်မြှင့်တင်ခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရေးမူဖြင့် မှတ်ချက်ပြုခြင်း၊ လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Cyber Attack များကို ကာကွယ်ရန် လုံခြုံရေးစနစ်များကို စီမံဆောင်ရွက်ထားပါကြောင်း ၊ ထို့အပြင် ရုံးစာများကို အဆင့်ဆင့်တင်ပြခြင်း၊ မှတ်ချက်ပြုခြင်း၊ ပေးပို့ခြင်း၊ အစရှိသည့် ရုံးလုပ်ငန်းစဉ်များကို ဤစနစ်အသုံးပြု၍ လိုအပ်သလို စီမံ ခန့်ခွဲနိုင်ကြောင်းနှင့် လက်ရှိတွင် အဆိုပါ EDMS စနစ်သစ်ကို ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့၌ စတင် အသုံးပြုလျက်ရှိပြီး၊ ကျန်ရှိသော ဝန်ကြီးဌာနများကို လျာထားအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။
EDMS စနစ်သစ်ကို အသုံးပြုခြင်းအားဖြင့် အစိုးရရုံးလုပ်ငန်းစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ ထိရောက်လုံခြုံစွာ အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ပြီး e-Government မှ Digital Government သို့ ဆက်လက်အသွင်ကူးပြောင်းရာတွင် အထောက်အကူပြုနိုင် မည်ဖြစ်ပါသည်။
