ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
← သတင်းများ

Cyber Security Awareness Video Competition – 2026 (University Level) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၂၉

Cyber Security Awareness Video Competition- 2026 (University Level) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ၊ ဒီဂျစ်တယ်နှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် Myanmar Cyber Security Challenge - 2026 (MCSC-2026) ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် ၅ နှင့် ရုံးအမှတ် ၂ တို့၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက ယနေ့ခေတ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုသည် သီးခြားစီမဟုတ်တော့ဘဲ တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်နေသော ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအင်အားများ ဖြစ်လာကြောင်း၊ ဒီဂျစ်တယ် နည်းပညာကို နည်းပညာအသုံးချမှု တစ်ခုအဖြစ်သာမမြင်ဘဲ စီးပွားရေးတိုးတက်မှု၊ ပြည်သူ့ဝန်ဆောင်မှုကောင်းမွန်မှု၊ လူမှုဘဝတိုးတက်မှုနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်ပေးနိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုတစ်ရပ်အဖြစ် အသုံးချသွားရန်ဖြစ်ကြောင်း၊ ချိတ်ဆက်မှုရှိသော၊ အားလုံးပါဝင်နိုင်သော၊ ဆန်းသစ်တီထွင်မှုကို အားပေးသည့် လုံခြုံစိတ်ချရပြီး ယုံကြည်စိတ်ချရသော ဒီဂျစ်တယ်ဂေဟစနစ်တစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ Cyber Security Awareness Video Competition - 2026 (University Level)ပြိုင်ပွဲတွင် ပထမဆုရရှိသော အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ် (မန္တလေး)မှ မောင်ကောင်း ခန့်ကျော်စွာ၊ ဒုတိယဆုရရှိသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ မယုယတွယ်တာဦး၊ တတိယဆုရရှိသော ရန်ကုန်နည်းပညာ တက္ကသိုလ်မှ မချောသီရိခိုင်၊ နှစ်သိမ့်ဆုရရှိသော ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ မောင်အောင်ထင်နှင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ မောင်ထူးမြတ်မင်းအိမ်တို့အား ဂုဏ်ပြုဆုပေးအပ်ပြီး အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းများပေးအပ်ကာ Myanmar Cyber Security Challenge– 2026 ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

ယခု ဆိုက်ဘာလုံခြုံရေးအသိပညာပေးဗီဒီယို ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဗီဒီယိုဖိုင်အား Cyber Security Brunei က တာဝန်ယူဆောင်ရွက်သော ASEAN-Japan Cyber Security Awareness Video Competition 2026 တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar Cyber Security Challenge - 2026 ပြိုင်ပွဲကို တပ်မတော်နည်းပညာတက္ကသိုလ်၊ Naypyitaw State Academy ၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)၊ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)၊ ကွန်ပျူတာတက္ကသိုလ် (သထုံ)၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)နှင့် Polytechnic တက္ကသိုလ်(မအူပင်)တို့မှ အသင်း ၂၅ သင်း၊ ကျောင်းသား ကျောင်းသူစုစုပေါင်း ၇၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ TiNiNi အသင်းက ပထမ၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ Z4_N@7_K4 အသင်းက ဒုတိယနှင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ Team_Mahawthadar အသင်းက တတိယရရှိခဲ့ကြပြီး ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်