ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
← သတင်းများ

အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ရေးအခြေပြစာချုပ် (ASEAN-Korea Free Trade Area Upgrade Protocol) တွင် ပါဝင်သော ဒီဂျစ်တယ်စီးပွားရေးအခန်းအား စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်များစတင်ခြင်း

အာဆီယံနှင့်ကိုရီးယားသမ္မတနိုင်ငံအကြား ဒီဂျစ်တယ်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒီဂျစ် တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် မြင့်မားသောစံနှုန်းများပါဝင်သည့် ကတိကဝတ်များကို ချမှတ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန် သွယ်မှုဒေသ အဆင့်မြှင့်တင်ရေးအခြေပြစာချုပ်ကို အာဆီယံနှင့်ကိုရီးယားသမ္မတနိုင်ငံတို့အကြား စေ့စပ်ညှိနှိုင်းလျက်ရှိပါသည်။

အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသအဆင့်မြှင့်တင်ရေးအခြေပြစာချုပ်ကို စေ့စပ်ညှိနှိုင်းရန်အတွက် လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့ကို အာဆီယံက ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါစာချုပ်တွင် ပါဝင်သော ဒီဂျစ်တယ်စီးပွားရေးအခန်းအား စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်း ထားသော ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းအဖွဲ့ (Working Group on Digital Economy - WGDE) တွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက မြန်မာနိုင်ငံ၏ ဦးဆောင်ဌာနအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီး စာချုပ်စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်များကို ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် စတင်ခဲ့ပါသည်။

ပထမအကြိမ်မြောက် ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ နိုင်ငံ၏အဖွဲ့ခေါင်းဆောင်ဖြစ်သော ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နွယ်နီစိုးရင်က တက်ရောက်၍ မြန်မာနိုင်ငံ၏ရပ်တည်ချက်နှင့်သဘောထားအမြင်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များ၊ ကိုရီးယားသမ္မတနိုင်ငံမှ ကိုယ်စားလှယ်များ၊ အာဆီယံအထွေထွေအတွင်းရေးမှူး ချုပ်ရုံးမှ ကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။