ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ် ၂၀၂၅ (Global Media and Information Literacy Week−2025) အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ပုဗ္ဗသီရိမြို့နယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ အခြေခံပညာဦးစီးဌာန တိုင်းပညာရေးမှူး ဒေါက်တာကျော်လွင်၊  ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ  ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်က  နှုတ်ခွန်းဆက်စကားပြောကြားပြီး     အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့   မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ စာအုပ်များပေးအပ်လှူဒါန်း၍ အသိပညာပေးဟောပြောသည့် ဒေါက်တာကျော်ကျော်လင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ    ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှု ဆိုင်ရာ ဝေဖန်သုံးသပ်ခွဲခြားသည့်   ပညာပေးမှတ်တမ်းဗီဒီယိုများကို ပြသသည်။

ထို့နောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Webpage တွင် ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာရက်သတ္တပတ် (Global Media and Information Literacy Week−2025) အထိမ်းအမှတ် မီဒီယာနှင့်သတင်းအချက် အလက်သိနားလည်မှုဆိုင်ရာ ပညာပေး content လွှင့်တင်ထားရှိမှုအား မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အခြေခံပညာဦးစီးဌာန တိုင်းပညာရေးမှူး တို့က ဖွင့်လှစ်ကြသည်။

ယင်းနောက် ဟောပြောပွဲကို ဆက်လက်ကျင်းပရာ ဒေါက်တာကျော်ကျော်လင်းက Artificial Intelligence (AI) နည်းပညာဖြစ်ပေါ်လာပုံ၊   MIL in Myanmar Transition၊ နည်းပညာ၏ ကောင်းကျိုး၊ ဆိုးကျိုး၊ တီထွင်ဖန်တီးနိုင်မှု၊ စိန်ခေါ်မှုများ၊ AI နည်းပညာနှင့် မီဒီယာဆက်စပ်မှု၊ သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းများနှင့် အမုန်းစကားများ ပျံ့နှံ့စေသည့် လူမှုမီဒီယာများ၊ ဆိုရှယ်မီဒီယာ၏ ကောင်းကျိုး၊ ဆိုးကျိုးတို့နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုနှင့် AI နည်းပညာ၏ အရေးပါပုံနှင့်စပ်လျဉ်း၍ အပြန်အလှန်မေးခွန်းများ မေးမြန်းဖြေကြားကြပြီး အဖြေမှန်ရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။