ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပြင်ဦးလွင်မြို့ ရတနာပုံမြို့သစ် ဆိုက်ဘာစီးတီး၌ ကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်
နေပြည်တော် ဇွန် ၁၈
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရတနာပုံ မြို့သစ်ဆိုက်ဘာစီးတီးဧရိယာရှိ မြေကွက်လပ်၌ ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများ၊ ရတနာပုံဆိုက်ဘာစီးတီးရှိ စက်ရုံများမှဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ် မှ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ သတ်မှတ်နေရာများ၌ ရတနာတန်းဝင် ပျိုးပင်များနှင့် အရိပ်ရလေကာပင်များကို စိုက်ပျိုးပေးပြီး တက်ရောက်လာသူများက ပျိုးပင်များ ကို အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် တပျော်တပါးစုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ယနေ့တွင် အရိပ်ရလေကာပင် ၂၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြကြောင်းနှင့် ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို တစ်ပြိုင်တည်း ကျင်းပပြီး စုစုပေါင်းပျိုးပင် ၃၇၇၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်ဘူတာ ဒီဇယ်စက်ခေါင်းပြင်ရုံ အတွင်းထားရှိသည့် ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်း၌ ပြေးဆွဲလျက်ရှိသည့် ဒီဇယ်လျှပ်စစ် စက်ခေါင်းများ၊ RBE တွဲများ၊ စင်းလုံးငှားရေနွေးငွေ့စက်ခေါင်းနှင့် RGC တွဲများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
